Monday, October 20, 2014

သစ်လုပ်ငန်းများမှ KIA ဆက်ကြေးကောက်မှု သိန်းပေါင်းထောင်ချီ ၀င်ငွေရနေ

ကချင်ပြည်နယ် မိုးမိတ်မြို့နယ် မယ်ပြိန်းကျေးရွာအနီးရှိ ဖောင်းကတောသစ်တောကြိုးဝိုင်းဝန်းကျင်တစ်ဝိုက်၌ သစ်ခုတ်နေသော လုပ်ငန်းရှင်များအား အောက်တိုဘာ ၁၄ ရက်နေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)အဖွဲ့မှ ဆက်ကြေးငွေလာရောက် ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သတင်းရရှိသည်။ ``နယ်မြေမအေးချမ်းတော့ လုံခြုံရေးစိုးရိမ်ရတဲ့အတွက် ဖောင်းကတောသစ်တောကြိုးဝိုင်းကို ထိန်းသိမ်းဖို့ အခက်အခဲဖြစ်နေပါတယ်၊ သစ်ကတော့ ခုတ်နေကြမှာပဲ၊ ဒေသခံတွေက စီးပွားဖြစ်ခုတ်နေရင်တော့ သစ်တော ပြုန်းမှာပေါ့၊ KIA ကလည်း အမြတ်ထုတ်ပြီး ဆက်ကြေးကောက်စားနေတော့ နိုင်ငံတော်အတွက် အများကြီး နစ်နာပါတယ်´´ ဟု မိုးမိတ်မြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ အဆိုပါ သစ်တောကြိုးဝိုင်းအနီးတွင် သစ်လုပ်ငန်းအား စီးပွားဖြစ်လုပ်ကိုင်နေကြပြီး ဆင်များ၊ သစ်တင်ယာဉ် များကိုပင် အသုံးပြုနေကြောင်းနှင့် KIA အဖွဲ့၏ ဆက်ကြေးကောက်ခံမှုမှာလည်း အံ့အားသင့်ဖွယ် ငွေပမာဏ များပြားလွန်းကြောင်း သိရသည်။ ``ဆင်တစ်ကောင်ကို ၁၀ သိန်း၊ ၁၀ ဘီးကားတစ်စီးကို ၁၀ သိန်း၊ ၆ ဘီးကားဆိုရင် ၈ သိန်း၊ ထော်လာဂျီတစ်စီး ကို ၅ သိန်း ကောက်ပါတယ်၊ ဒီတောထဲမှာ ဆင်တွေကလည်း (၁၀)ကောင်ရှိတယ်၊ သစ်ကားတွေက အစီး(၂၀) လောက်ရှိတယ်၊ KIA အဖွဲ့အတွက် ဆက်ကြေးငွေက သိန်းထောင်ချီရနေတာပေါ့´´ ဟု ဒေသခံ သစ်ခုတ် သမားတစ်ဦးက ပြောသည်။ KIA အဖွဲ့မှ ဆက်ကြေးငွေများအား အောက်တိုဘာ ၂၀ ရက်နေ့တွင် နောက်ဆုံးထားပေးသွင်းရန်နှင့် သစ် လုပ်ငန်းလုပ်ကိုင်သူများအား စစ်ဆေးမေးမြန်းသည့်အခါ ဆက်ကြေးငွေ မဆောင်ရသေးပါက ဒဏ်ငွေ ၃ ဆ ကောက်ခံမည်ဟု ပြောဆိုထားကြောင်း သိရသည်။ ``KIA အဖွဲ့က အစိုးရနဲ့ ဘယ်လိုလုပ်ငြိမ်းချမ်းရေးယူမလဲဗျာ၊ ဒီသစ်လုပ်ငန်းကနေ ဆက်ကြေးငွေ သိန်းထောင်ချီရ နေတယ်၊ ပြီးတော့ ရွှေမှော်၊ ကျောက်မှော်တွေမှာလည်း ဆက်ကြေးငွေထောင်ဂဏန်းမကဘူး ၀င်နေတယ်လေ၊ ငြိမ်းချမ်းရေးယူလိုက်ရင် သူတို့အဖွဲ့အတွက် စားပေါက်ပိတ်သွားမှာပေါ့၊ ဒီနယ်မြေမှာ KIA ရဲ့ ကြီးစိုးမှုက လွယ်လွယ်နဲ့ ပျောက်မှာမဟုတ်ဘူး´´ ဟု မိုးမိတ်မြို့ခံသစ်ပွဲစားတစ်ဦးက ပြောကြားသွားသည်။    ဇော်မိုင်

No comments:

Post a Comment