Tuesday, October 21, 2014

KIA အဖွဲ့မှ စားသောက်ဆိုင်ပိုင်ရှင်များအား မိသားစုအသက်အန္တရာယ် ခြိမ်းခြောက် ငွေတောင်း

အောက်တိုဘာ ၂၁ ရက်၊ ၂၀၁၄ ခုနှစ်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့ရှိ စားသောက်ဆိုင် ပိုင်ရှင်များအား အောက်တိုဘာ ၁၉ ရက်နေ့တွင် ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) အဖွဲ့မှ မိသားစု အသက်အန္တရာယ်အား ခြိမ်းခြောက်ကာ ငွေကြေးတောင်း မှု ဖြစ်ပွားခဲ့ကြောင်း ယင်းမြို့ခံများထံမှ သိရသည်။

အဆိုပါ ဆိုင်ရှင်များအား KIA အဖွဲ့မှ ဆင့်ခေါ်စာပေးပို့ပြီး လာရောက်တွေ့ဆုံခြင်းမရှိပါက မိသားစုအားလုံး၏ အသက်အန္တရာယ်ကို တာဝန်ယူမည်မဟုတ်ကြောင်း ပါရှိသဖြင့် ကြောက်လန့်ကာ ပေးဆောင် ရခြင်းဖြစ်ကြောင်း သိရသည်။

“ ဆိုင်ပိုင်ရှင်တွေက ကြောက်တော့ ဘယ်အဖွဲ့အစည်းမှ မတိုင်ရဲဘူး၊ သတင်းပေါက်ရင် အသတ်ခံရမှာလေ၊ အသက်အန္တရာယ်ထက် ဘာမှ အရေးမကြီးဘူးဆိုပြီး ငွေပဲသွားပေးလိုက်ကြတယ်လို့ ကြားတယ် ” ဟု မြို့ခံ တစ်ဦးက ပြောသည်။

မိုးညှင်းမြို့၊ အောင်သပြေရပ်ကွက်ရှိ ကချင်ရိုးရာမနောကွင်းသို့ ဆိုင်ပိုင်ရှင်များ သွားရောက်ကာ ညနေ ၅ နာရီ ခွဲအချိန်တွင် KIA တပ်ဖွဲ့ဝင်တစ်ဦးရောက်လာပြီး ငွေများလာယူသွားကြောင်း သိရသည်။

“ ဆိုင်ရှင် ယောက်ျားနဲ့ မိန်းမ နှစ်ယောက်လုံးကို ခေါ်တွေ့တာလို့ ကြားတယ်၊ တချို့ကလည်း မြင်တာပေါ့၊ ဒါပေမယ့် သူတို့မိသားစုကို ခြိမ်းခြောက်ငွေတောင်းတာဆိုတော့ မမြင်ချင်ယောင်ဆောင်နေလိုက်ကြပါတယ်၊ ဆိုင်တစ်ဆိုင်ကို ငွေ ၅ သိန်းနှုန်းပေးလိုက်ရတယ်လို့ ကြားတယ်၊ နာမည်ကြီး စားသောက်ဆိုင်တွေ အကုန်ပါ တာပေါ့ ” ဟု အောင်သပြေရပ်ကွက်နေ မြို့ခံတစ်ဦးက ပြောကြားသွားသည်။

ဇော်မိုင်





No comments:

Post a Comment