ရခိုင်တွင် မွတ်ဆလင်များ လွှမ်းမိုးခြင်း
။။။။။။။။။။။။။။။။ အင်းဝခေတ်၌ အိန္ဒိယ-မြန်မာ ကူးလူးဆက်ဆံရေးမှာ ပုခံခေတ်ကလောက် တိုးတက်ခြင်း မရှိသော်လည်း ထူးခြားချက်များ ရှိသည်။ (အင်းဝခေတ်၌ မည်သည့်မင်းကမျှ မြန်မာနိုင်ငံ တစ်ခုလုံးကို စည်းစည်းလုံးလုံးဖြင့် အုပ်စိုးနိုင်ခြင်း မရှိရုံမျှမက အောက်မြန်မာပြည်ရှိ မွန်တို့အခြေအနေကလည်း အင်းဝရှိ မြန်မာတို့၏ အင်အားနှင့် သူမသာ ကိုယ်မသာ ရှိနေသောကြောင့် အချင်းချင်း မကြာခဏ စစ်ခင်းကြသည်။ တစ်ဦးနှင့်တစ်ဦးလည်း မည်သူကမျှ နိုင်သည်ဟူ၍ မရှိဘဲ ပြည်တွင်း အခြေအနေသာ ချိနဲ့ခဲ့ရသည်။) (ဤအချက်ကို အခွင့်ကောင်း ရသဖြင့် အိန္ဒိယတိုင်းသားများ၊ အထူးသဖြင့် ဘင်္ဂလားနယ်ရှိ မွတ်ဆလင်များသည် ရခိုင်ဒေသသို့ သိသိသာသာ ၀င်ရောက်လာလေသည်။) ရခိုင်ဘုရင် နရမိတ်လှသည်ပင် မြို့ဟောင်းတွင် နန်းစံခိုက် ၀င်ရောက်လာသူ မွတ်ဆလင်များ၏ အရှိန်အ၀ါကို မလွန်ဆန်နိုင်၍ (ဗလီများ)တည်ဆောက်ပေးရသည်။ ထိုအချိန်မှ စ၍ ရခိုင်ဘုရင်များ၏ မူလအမည်တွင် မွတ်ဆလင်ဘွဲ့အမည်များ ထပ်လောင်း ဖြည့်စွက်ကြရသည်။ ဥပမာ - နရနူမင်းကို(အလီခန်)ဟူ၍လည်းကောင်း၊ ဘစောဖြူမင်းကို (ကလီမာရှာ)ဟူ၍လည်းကောင်း ဖြည့်စွက်ဘွဲ့ခံခဲ့ကြသည်။ မွတ်ဆလင်တို့ ယုံကြည်ကိုးကွယ်သော (ကလီမာအရုပ်)ပါသည့် ဒင်္ဂါးများကိုပင် ထုတ်လုပ်သုံးစွဲကြရလေသည်။ တောင်ငူခေတ်တွင်လည်း အိန္ဒိယနှင့် မြန်မာတို့ သွားလာဆက်ဆံမှု များပြားသည်ကို မတွေ့ရပေ။ ဟံသာဝတီ ဘုရင့်နောင် လက်ထက်တွင်သာ ဘင်္ဂလားနှင့် ချစ်ကြည်ရေးအဖွဲ့များ အပြန်အလှန် စေလွှတ်ကြသည်ဟူ၍ အဆိုရှိလေသည်။ တောင်ငူခေတ်တွင် မြန်မာနိုင်ငံသို့ ဥပရောပတိုက်သား (ပေါ်တူဂီတို့) အိန္ဒိယပြည်မှတစ်ဆင့် ရောက်ရှိကြသည်။ ပထမ ရခိုင်သို့ ရောက်သည်။ (နောက် ပဲခူးနေပြည်တော်အထိ ရောက်ရှိလာကြသည်။) ပေါ်တူဂီနှင့်အတူ အိန္ဒိယအမျိုးသားများလည်း ရောက်ရှိလာကြသည်ဟု ယုံကြည်ရသည်။ ညောင်ရမ်းခေတ်၌ အိန္ဒိယနှင့် မြန်မာ နှစ်နိုင်ငံတို့၏ ဆက်စပ်ခြင်းမှာ ချစ်ကြည်ရေးလည်း မဟုတ်၊ အုပ်စိုးသူ အချင်းချင်းလည်း မဟုတ်တော့ချေ။ အကြောင်းမူ အိန္ဒိယပြည်သည် တန်ခိုးအာဏာနှင့် ပြည့်စုံသော မင်းတို့ အုပ်ချုပ်မှုကို မခံရတော့ဘဲ အစိတ်စိတ် အမြွှာမြွှာ ကွဲပြားလျက် ရှိသည်နှင့် အမျှ ဥရောပတိုက်သားတို့၏ ခွဲဝေအုပ်ချုပ်မှုကို ခံနေရလေသည်။ ပေါ်တူဂီက ဂိုဝါကို မြို့တော်ပြုလျက် အိန္ဒိယပြည်၏ အနောက်ဘက် ကမ်းရိုးတန်းတို့ကို အုပ်စိုးလျက် ရှိပြီး ပြင်သစ်တို့ကလည်း ပွန်တီချေရီ တ၀ိုက်ကို သိမ်းပိုက်လျက် အင်္ဂလိပ်တို့ကမူကား ကလကတ္တားမြို့မှနေ၍ တစ်ပြည်လုံးကို ချုပ်ကိုင်နေကြ လေသည်။ ထို့ကြောင့် (ဗြိတိသျှတို့၏ လက်အောက်မှ တစ်ဆင့်မဟုတ်သော အိန္ဒိယ-မြန်မာ ကူးလူးဆက်ဆံရေးမှာ) မရှိသလောက်ပင် ဖြစ်သည်။ မှတ်ချက်။ ။ လက်သည်းကွင်းများသည် အထူးသတိထားမိသော မိမိ၏ မှတ်ချက်များ ဖြစ်သည်။ 
No comments:
Post a Comment