ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်က KIA ကျောက်ဆောင်
ဇန်န၀ါရီလ ၄ ရက်၊ ၂၀၁၅ မြန်မာ့ငြိမ်းချမ်းရေးစင်တာMPCနှင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့၏ ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်ခဲ့သည်မှာ (၇)ကြိမ်ရှိပြီဖြစ်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲအောင်မြင်ရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိ လာခဲ့ပြီဖြစ်သည်။ အစိုးရဘက်မှ နိုင်ငံတော်သမ္မတကိုယ်တိုင် တိုင်းပြည်ကခွဲထွက်ခွင့်ကိစ္စရပ်နှင့် အချုပ်အခြာအာဏာကို ထိပါးသော ကိစ္စရပ်(၂)ရပ်မှလွဲပြီး ကျန်ကိစ္စရပ်များကို ဆွေးနွေးနိုင်ဖို့ လမ်းဖွင့်ထားပြီး တိုင်းပြည်အမှန်တကယ် ငြိမ်းချမ်းရေး ရရှိနိုင်ဖို့ အတွက် အစွမ်းကုန် လိုက်လျောမှုများ ပြုလုပ်ခဲ့သည်ကို မြင်တွေ့ရသည်။ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို ရှေ့ရှုပြီး အစိုးရဘက်မှ လက်နက်ကိုင် အဖွဲ့အစည်းများအပေါ် အစွမ်းကုန်လိုက် လျောခဲ့ရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းအများစုနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု တိုးတက်လာ သော်လည်း KIO/KIA အဖွဲ့တို့အကြားတွင်တော့ တိုးတက်မှုများ နှေးကွေး နေသည်ကို တွေ့ရသည်။ KIO/KIA အဖွဲ့နှင့် ငြိမ်းချမ်းရေး ဆွေးနွေးမှု မအောင်မြင်ရခြင်းမှာ ၄င်းတို့ခေါင်းဆောင်များကိုယ်တိုင် ငြိမ်းချမ်းရေးကို အမှန်တကယ် မလိုလားသောကြောင့်သာဖြစ်ကြောင်း KIO/KIAအဖွဲ့၏လုပ်ရပ်များကို ကြည့်ခြင်းဖြင့် ပေါ်လွင်ထင်ရှား လှပေသည်။ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၂ ရက်နှင့် ၂၃ ရက်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် KIA အနေဖြင့် တက်ရောက်ခြင်းမရှိခဲ့သည်မှာ ဘာကြောင့်လဲဟု မေးလာလျှင်တော့ ငြိမ်းချမ်းရေးကို လုံးဝအလိုမရှိ သောကြောင့်ဟု ပြန်လည်ဖြေကြားရမည်သာ ဖြစ်ပေသည်။ KIA အဖွဲ့အနေဖြင့် အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးအောင်မြင်သွားပါက ကချင်ပြည်နယ်အတွင်နေထိုင်သော တိုင်းရင်းသားအားလုံး၏ဘ၀ ငြိမ်းချမ်းပြီး တိုးတက်ပြောင်းလဲလာမည်မှာ အမှန်ပင်ဖြစ်ပေသည်။ KIA အဖွဲခေါင်းဆောင် များအနေဖြင့် ယခုကဲ့သို့ လုပ်ပိုင်ခွင့်အာဏာ အပြည့်အ၀ဖြင့် ကချင်ပြည်နယ်အတွင်း စိတ်ကြိုက်စီးပွားရှာနိုင်မှု၊ ကချင်ပြည်နယ်နှင့် တိုင်းရင်းသားများအပေါ် ဆက်လက်ဗိုလ်ကျနိုင်မှု မရှိတော့မည်ကို စိုးရိမ်သောကြောင့်လည်းကောင်း၊ KIA အဖွဲ့ခေါင်းဆောင်များ၏ အကျိုးစီးပွားထိခိုက်လာမည်ကို စိုးရိမ်သောကြောင့် လည်းကောင်း၊ ကချင်ပြည်နယ်နှင့် တိုင်းရင်းသားများ၏ အကျိုးကို မကြည့်ဘဲ အပစ်အခတ် ရပ်စဲရေး အောင်မြင်မှုမရှိအောင်၊ ငြိမ်းချမ်းရေး အမှန်တကယ် မရရှိအောင် နည်းမျိုးစုံ အကြောင်းပြ နေခြင်းသာဖြစ်သည်ဟု သုံးသပ်မိသည်။ KIO/KIA အဖွဲ့မှ ခေါင်းဆောင်များအနေဖြင့် အာဏာနှင့် ကိုယ်ကျိုးစီးပွားကို ရှေ့တန်းမတင်ဘဲ ကချင်ပြည်နယ်နှင့် ကချင်တိုင်းရင်းသားများ ကောင်းစားရေးအတွက် အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေးကို အလေးထား ဆောင်ရွက်ဖို့ လိုပါသည်။ ထိုသို့မဟုတ်ဘဲ လူတစ်စုကောင်းစားရေး ရှေ့ရှုနေအုံးမယ်ဆိုရင် ကချင်ပြည်နယ်မှာ တိုက်ပွဲတွေသာ ဖြစ်ပေါ်နေပြီး နယ်မြေ မငြိမ်းချမ်းမှုဒဏ်ကို ကချင်ပြည်သူတွေ ဆက်လက်ခံစားရကာ ပြည်နယ်တိုးတက်မှု နှောင့်နှေးနေအုံးမည်သာ ဖြစ်ပေသည်။ ယခါဆိုလျှင်ဖြင့် ၂၀၁၅ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့တွင် ကျရောက်သော ၆၇ နှစ်မြောက် လွတ်လပ်ရေးနေ့တွင် နိုင်ငံတော်မှ ဗိုလ်ရှုခံ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပြီး ထိုအခမ်းအနားသို့ အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များနှင့် အပစ်အခတ်ရပ်စဲထားခြင်းမရှိသော တပ်ဖွဲ့များကိုပါ အစိုးရက ဖိတ်ကြားခဲ့ကြောင်း သိရှိရသည်။ အနယ်နယ်အရပ်ရပ်မှ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ပေါင်း (၁၃) ဖွဲ့ လာရောက်ခဲ့ကြသော်လည်း KIA လာရောက်ခဲ့ခြင်းမရှိပါ။ အစိုးရနှင့် နှစ်ပေါင်းခြောက်ဆယ်ကျော်ကြာသည့်တိုင်အောင် ခါးသီးစွာ တိုက်ခိုက်ခဲ့သည် KNU လိုအဖွဲ့မျိုးပင် ယနေ့အခါတွင် ငြိမ်းချမ်းရေး လမ်းကြောင်းပေါ်သို့ တက်ရောက်နေပြီဖြစ်သည်။ သို့သော် KIA ကတော့ အထီးကျန်သင်းကွဲဘ၀ဖြင့် နေမြဲအတိုင်း မငြိမ်းချမ်းမှုများကိုသာ ဖိတ်ခေါ်နေအုံးမည် ဆိုလျှင်တော့ KIA သည် မြန်မာပြည်ကြီး ထာဝရငြိမ်းချမ်းစေဘို့အတွက် ကျောက်ဆောင်တစ်ခုလိုသာ ဖြစ်နေပေလိမ့်အုံးမည်။ အောင်ဇင် ( မြန်မာစာ) Credit toး Myanmar News
No comments:
Post a Comment