Sunday, November 30, 2014

ကချင်ပြည်နယ် ခရာဘွမ်တောင်ကြောရှိ တပ်မတော်စစ်စခန်းများအား ရုပ်သိမ်းမိန့် ထုတ်ပြန်ပေးရန် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

ကချင်ပြည်နယ် ခရာဘွမ်တောင်ကြောရှိ တပ်မတော်စစ်စခန်းများအား ရုပ်သိမ်းမိန့် ထုတ်ပြန်ပေးရန် သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့ထံ အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို

Sunday, November 30, 2014

အပြစ်မဲ့ပြည်သူများ၏ ဘေးကင်းလုံခြုံရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေးကို ထောက်ရှု၍ ကချင်ပြည်နယ် ခရာဘွမ်တောင်ကြောရှိ အစိုးရတပ်မတော် စစ်စခန်းများ တပ်စွဲထားခြင်းကို ရုပ်သိမ်းပေးနိုင်မည့် အမိန့်ကြေညာစာ ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ထံသို့ အရပ်ဘက်လူမှုအဖွဲ့အစည်းများက တောင်းဆိုကြောင်း အိတ်ဖွင့်ပေးစာ တစ်စောင်ကို နိုဝင်ဘာ ၂၇ ရက် ရက်စွဲဖြင့် ပေးပို့ထားကြောင်း သတင်းရရှိသည်။ ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်တွင် KIA ဗိုလ်သင်တန်းကျောင်းသို့ KIO ဗဟိုဌာနချုပ်အနီးရှိ ခရာဘွမ်တောင်ကြော တစ်လျှောက် တပ်စွဲထားသော မြန်မာ့တပ်မတော် တပ်စခန်းမှလက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဗိုလ်သင်တန်းကျောင်းမှ သင်တန်းသား ၂၃ ဦးကျဆုံးကာ သင်တန်းသား နှင့် သင်တန်းနည်းပြပေါင်း ၂ဝ ဒဏ်ရာရရှိခဲ့ကြောင်း၊ အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တစ်နိုင်ငံလုံး အပစ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စွာအောင်မြင်နိုင်ရေးအတွက် မြန်မာ့တပ်မတော်ဘက်မှ KIO ဗဟိုဌာနချုပ်နှင့် နီးကပ်စွာ ဖြန့်ကြက်ထားသော ခရာဘွမ်တောင်ကြောတစ်လျှောက်မှ လက်နက်ကြီးများ ဖယ်ရှားပေးရန်နှင့် စစ်စခန်းများကို ရုပ်သိမ်းပေးရန် တောင်းဆိုကြောင်းကိုလည်း KIO က နိုဝင်ဘာ ၂ဝ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။ လက်ရှိ တပ်မတော်မှ စစ်စခန်းများ တပ်စွဲထားသည့် ခရာဘွမ်တောင်ကြောတစ်လျှောက်သည် လုံခြုံရေးအရ နေရပ်မှ စွန့်ခွာနေထိုင်နေရသော အပြစ်မဲ့ပြည်သူ ၁၇ဝဝဝ ကျော် ခိုလှုံနေကြရသည့် ယာယီစစ်ရှောင်စခန်း လေးခုတည်ရှိရာ နေရာဖြစ်ကြောင်း၊ တစ်နိုင်ငံလုံးငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်များကို ချောမွေ့စွာ ပြန်လည်အစပြု ဖော်ဆောင်နိုင်ရန်အလို့ငှာ ခရာဘွမ်တောင်ကြော တစ်လျှောက်မှ တပ်မတော်၏ တပ်စခန်းများကို ချက်ချင်း(အပြီးသတ်) ရုပ်သိမ်းမိန့်အား ထုတ်ပြန်ဆောင်ရွက်ပေးပါရန် အလေးအနက်ထား တောင်းဆိုအပ်ပါသည်ဟုလည်း အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ ထိုသို့သော အမိန့်ကို ထုတ်ပြန်ကြေညာပေးခြင်းသည် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်ရာတွင် အထူးလိုအပ်လှသလို စစ်ရေးတင်းမာမှုများနှင့် တိုက်ပွဲဖြစ်ပွားမှုများကို လျော့နည်းစေနိုင်ပြီး ငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးမှုများကို ပြန်လည်အစပြု ဖော်ဆောင်နိုင်ရန် အရေးပါသည့်အဆင့်တစ်ခုအဖြစ် များစွာအထောက်အကူပြုလိမ့်မည်ဟု ယုံကြည်ပါသည်ဟုလည်း ပါရှိသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ပြီး မြန်မာနိုင်ငံသားအားလုံးအတွက် အဆင့်အတန်း မြင့်မားသော ကျန်းမာရေး၊ ပညာရေးနှင့် ကောင်းမွန်သော အနာဂတ်များ ရရှိနိုင်ရန် ပြည်တွင်းငြိမ်းချမ်းရေးသည် မဖြစ်မနေ လိုအပ်ချက်တစ်ခုဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ကိုယ်တိုင် အခမ်းအနားများစွာတွင် ထုတ်ဖော်ပြောကြားခဲ့ဖူးကြောင်း၊ ယခုအချိန်ထိ ဖြစ်ပွားနေဆဲဖြစ်သော တိုင်းရင်းသားဒေသများရှိ ပဋိပက္ခများသည် ၎င်းဒေသများတွင် နေထိုင်သူများကိုသာ ထိခိုက်နစ်နာစေသည် မဟုတ်ဘဲ အလုပ်အကိုင်နှင့် အခြားအခွင့်အလမ်းများကို ဖန်တီးပေးနိုင်သည့် ရေရှည်တည်တံ့ခိုင်မာပြီး တာဝန်ယူမှုရှိသော ရင်းနှီးမြှုပ်နှံမှုများအား အဟန့်အတားဖြစ်စေသောကြောင့် တစ်နိုင်ငံလုံးအား ဆိုးရွားသည့် သက်ရောက်မှုများကို ဖြစ်ပေါ်စေသည်ဟု အရပ်ဘက်အဖွဲ့အစည်းများ၏ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။ ထို့ပြင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တစ်ဦးအနေဖြင့်လည်း ကာလရှည်ကြာ ဖြစ်ပွားလျက်ရှိသည့် ပြည်တွင်းစစ်ကို အဆုံးသတ်နိုင်ရန် စစ်မှန်ပြီး ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ရန်နှင့် တိုင်းပြည်အပေါ် ဖိစီးလျက်ရှိသည့် အခြားပြဿနာအရပ်ရပ်ကို စစ်ရေးနည်းလမ်းများအရ ဖြေရှင်းသည်ထက် ညှိနှိုင်းဆွေးနွေးမှုများဖြင့် အဖြေရှာရန် တပ်မတော်အနေဖြင့် ပိုမိုဆန္ဒရှိလိမ့်မည်ဟု ပြည်သူပြည်သား အများကယုံကြည်ကြောင်း၊ ယခုအခြေအနေသည် အထူးစိုးရိမ်ရသည့် အရေးပေါ်အချိန်ကာလဖြစ်သည် ဟုလည်း အရပ်ဘက်အဖွဲ့အစည်း ၁ဝဝ ကျော်၏ အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

No comments:

Post a Comment