လူ့အခွင့်အရေးချိုးဖောက်ခံ စစ်သားတစ်ဦး၏ ရင်ဖွင့်စကား သမ္မတနှင့် ကာချုပ် ကြားစေသား ----- ----- ----- ----- အဖြူရောင်ရှပ်အင်္ကျီဝတ်ဆင်ထားသော ၀၀ပြည့်ပြည့်အသားညိုညို၊ ညှင်းသိုးသိုးဆံပင်များနှင့် အသက် ၄၀ နီးပါး အမျိုးသားတဦး၏ စကားသံသည် တခါတရံတိုးဝင်သွားလိုက်၊ တခါတရံတွင် စိတ်လှုပ်ရှား မှုကြောင့် ကျယ်လောင်လိုက်ဖြင့် ပေ ၂၀ ပတ်လည် အခန်းကျဉ်းအတွင်း ၀ယ်ပျံ့လွင့်နေသည်။ လွန်ခဲ့သည့် ၁၅ နှစ်ကာလက စစ်မှုထမ်းဘ၀ဖြင့် ရင်ဆိုင်ခဲ့ရသည့် တပ်တွင်း လူအခွင့်ရေးချိုးဖောက်မှုဒဏ်ကို အနော်ရထာလမ်းနှင့်မဟာ ဗန္ဓုလမ်းကြားရှိ ၃၆လမ်း အလယ် မြန်မာဂျာနယ်လစ်ရုံးခန်းတွင် အောက်တိုဘာ ၂၄ရက်က သတင်း စာရှင်းလင်းပွဲအဖြစ် လာရောက်ဖွင့်ချနေခြင်းဖြစ်သည်။ ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီကျေးရွာတွင် နေထိုင်လျက်ရှိသည့် ဦးရင်ရင်မောင်သည် ၁၉၉၉ ခုနှစ်တွင် အောက်ခြေတပ်သားအဖြစ် တပ်မတော်၌တာဝန်ထမ်း ဆောင်စဉ် လက်နက်ခိုးယူသည်ဟုသံသယရှိ၍ ကိုးရက်နှင့်တမနက် ထမင်းမကျွေးရေမတိုက်ဘဲ နည်းမျိုးစုံဖြင့် ညှဉ်းပန်းနှိပ်စက်ခံခဲ့ရပြီး ခွင့်မဲ့ပျက်ကွက်သည်ဟုဆိုကာ ထောင်ဒဏ်တနှစ်ကိုလည်း ကျခံခဲ့ရ၍ နစ်နာမှုရှိသည့်အတိုင်း ဖြေရှင်းဆောင်ရွက်ပေးရန် နိုင်ငံတော်သမ္မတ အပါအ၀င် သက်ဆိုင်ရာဌာန ၇ ခုသို့ သုံးကြိမ်တိုင်တိုင် တင်ပြစာပေးပို့ ခဲ့သည်။ တင်ပြစာနှစ်စောင်ကို ယခုနှစ် မေ ၂၆ ရက်နှင့် ဇူလိုင် ၈ ရက်နေ့ များတွင် အသီးသီးပေးပို့ခဲ့ခြင်းဖြစ်သော်လည်း အရေးယူဆောင်ရွက် ခြင်းမရှိသောကြောင့် အမှန်တရားအတွက်၊ တရားမျှတမှုအတွက်၊ တရား ဥပဒေစိုးမိုးရေးအတွက် လွှတ်တော်ရေးရာကြားနာပွဲတရပ် စီစဉ်ဆောင် ရွက်ပေးနိုင်ရန်ဟုဆိုကာ လွှတ်တော်အရပ်ရပ်နှင့်သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီ ဥက္ကဋ္ဌ၊ နိုင်ငံသားများ၏မူလအခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ တရားစီရင်ရေး၊ ဥပဒေရေးရာနှင့် ပြည်သူတို့ ၏အသနားခံစာ၊ တိုင်ကြားစာများ စိစစ်ရေးကော်မတီတို့ထံ စက်တင်ဘာ ၂၂ ရက်တွင် ထပ်မံတင်ပြတောင်းခံထားသည်။ ၎င်းင်းကို ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားနီကျေးရွာအုပ်စု၊ ဘုရားနီ(ဘုရားညီ)ကျေးရွာတွင် မွေးဖွားခဲ့ပြီး ၁၉၉၅ ခုနှစ်တွင် နိုင်ငံသားတဦးအနေဖြင့် နိုင်ငံအားကာကွယ်လိုသော စိတ်အား ထက်သန်မှုဖြင့်လည်းကောင်း၊ စွန့်လွှတ်စွန့်စားလိုသော စိတ်ဓာတ်အခြေ ခံဖြင့်လည်းကောင်း တပ်မတော်တွင် တာဝန်ထမ်းဆောင်ရန် ပုသိမ်မြို့၊ အမှတ် ၉ ပညာရေးကျောင်း စစ်သားစုဆောင်းရေးသို့ အမည်စာရင်း ပေးသွင်းခဲ့ကာ ထိုစဉ်အခါက ၎င်း၏အသက် ၁၉ နှစ်သာရှိသေးပြီး အိမ်ထောင်မကျသေးပေ။ အထက်ပါ စစ်သားစုဆောင်းရေးမှတဆင့် ပုသိမ်ခရိုင်၊ အင်္ဂပူမြို့ နယ်၊ ကွင်းကောက်ကျေးရွာတွင် ဖွင့်လှစ်ထားသော အမှတ် ၆ လေ့ကျင့်ရေးတပ်သို့ရောက်ရှိခဲ့ပြီး အခြေခံစစ်သင်တန်း ၄ လ တက်ကာ ရခိုင် ပြည်နယ်၊ အမ်းမြို့၊ အမှတ် ၃၇၂ ခြေမြန်တပ်ရင်းတွင် တာဝန်ထမ်းဆောင်ခဲ့သည်။ တာဝန်ထမ်းဆောင်ပြီး တလခန့်အကြာတွင် ပြင်ဦးလွင်မြို့ ဗဟို ဆက်သွယ်ရေးသင်တန်းကျောင်း၌ ဆက်သွယ်ရေးသင်တန်းတက်ရောက် ခဲ့ပြီးနောက် မိခင်တပ်ကိုပြန်ရောက်ပြီး တပ်ရင်းဆက်သွယ်ရေးဖြင့် ဌာန ချုပ်တပ်ခွဲတွင် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။ “ရှမ်းပြည်တောင်ပိုင်း ဘိန်းဘုရင်ခွန်ဆာရဲ့ စစ်အခြေစိုက်စခန်းတွေ ဖြစ်တဲ့ လွယ်ထွေ၊ ပုံမာကျင်၊ ကျူဆံကတ်၊ ၀မ်အိုဘီစခန်းတွေကို စစ်ဆင် ရေးထိုးခဲ့ရတယ်”ဟု အစပျိုးကာ ၎င်း၏စစ်ရေးအတွေ့အကြုံများကိုပြော ပြသည်။ ဘိန်းဖြူတိုက်ဖျက်ရေး ၅ နှစ် စီမံကိန်းကာလအတွင်း ဦးရင်ရင်မောင်တို့ တပ်ရင်းက တနှစ်တာဝန်ယူထိုးစစ်ဆင်ခဲ့ရကာ နှစ်ကာလအားဖြင့် ၁၉၉၆/၁၉၉၇ က ဖြစ်သည်။ ထို့နောက် ကရင်ပြည်နယ် အရှေ့ခြမ်း ဒေသဖြစ်သည့် ပလောပလောက်စခန်း၊ ကပြုပင်စခန်း၊ မဒေါစခန်း၊ အောင်သာဝရစခန်း၊ အလံနီစခန်းတို့ကို ထိုးစစ်ဆင်ရာတွင်လည်း ပါဝင် ထမ်းဆောင်ခဲ့ကြောင်းသိရသည်။ ထို့အပြင် မေတ္တာစခန်း၊ ဆစ်ဝမ်းတူး (၆၁၂)စခန်း၊ ၀မ်းတူးဆဲဗင်းတူး (၁၂၇၂)စခန်း၊ ဆင်ဖြူထိုင်စခန်း၊ ထီးထစခန်းများကို ထိုးစစ်ဆင်ရာတွင်လည်း ပါဝင်ထမ်းဆောင်ခဲ့ကာ ၁၉၉၇ တွင် အိမ်ထောင်ကျခဲ့သည်။ ယင်းစစ်ဆင်ရေးများမှ မိခင်တပ်ရင်းသို့ပြန်နားချိန် ၁၉၉၉ ခုနှစ် ဇွန်လတွင် ခွင့် ၁၅ ရက်ရခဲ့ပြီး ရခိုင်ပြည်နယ်မှ မွေးရပ်ဇာတိမြေ မိခင် နေအိမ်သို့ပြန်ခဲ့ကာခွင့်ရက်စေ့၍ တပ်ရင်းသို့ပြန်ရောက်သောအခါ နောက် ချန်တပ်ဖွဲ့ဖြင့် စစ်ဆင်ရေးဒေသသို့လိုက်ပါရန် တာဝန်ပေးခံရသည်။ သို့ဖြစ်၍ နောက်တန်းတွင် စစ်ဆင်ရေးထွက်ရန် ၁၀ ရက်ကျော်ကြာ စောင့်ဆိုင်းနေရသည်။ စစ်ဆင်ရေးထွက်မည့် ဇူလိုင် ၇ ရက် နံနက် ပိုင်းတွင် စစ်ဆင်ရေးထွက်မည့်ရဲဘော်များ တပ်ရင်းလက်နက်တိုက်သို့ သွားထုတ်ရာ လက်နက်တိုက်ပွင့်နေသည်ကို တွေ့ရသည်ဟု ၎င်းက ဆိုသည်။ “လက်နက်တိုက်ရောက်မှ ကျွန်တော်တို့သတင်းပေးပို့ချက်ကြောင့် ဗဟိုကင်းက သိရတာ၊ နောက်တန်းမှူး ဗိုလ်မှူးဆီသတင်းပို့တော့ သူ ကိုယ်တိုင်လိုက်လာပြီး လက်နက်တိုက်ကိုဝင်စစ်တယ်၊ အဲဒီတော့မှ သေနတ် ၂ လက်ပျောက်နေတာသိရတယ်”ဟု ၎င်းက ပြောသည်။ လက်နက်ကုတ်မှတ်တမ်းစာအုပ်ဖြင့် တိုက်ဆိုင်စစ်ဆေးကြည့်သောအခါ ပျောက်ဆုံးနေသော သေနတ် ၂ လက်ထဲတွင် ဦးရင်ရင်မောင်၏ သေနတ်လည်း ပါဝင်နေသည်။ “ကျွန်တော်ကိုင်ဆောင်ထားတဲ့ သေနတ်နံပါတ်က JJ-149342, BA-63 နောက်ပွင့်ရိုင်ဖယ်အမျိုးအစား၊ နောက်တလက်က တပ်သား လှကျော်သာ ကိုင်ဆောင်တဲ့သေနတ်၊ အဲဒါနဲ့ကျွန်တော်တို့ နှစ်ယောက် ကို တပ်အချုပ်ထဲထည့်သွင်းချုပ်နှောင်လိုက်ကြတယ်”ဟု ၎င်းကဆိုသည်။ ယင်းည ၈ နာရီခန့်တွင် ဗိုလ်မှူးဦးဆောင်၍ တပ်သား ၆ ဦးခန့် ရောက်ရှိလာပြီး ၎င်းကိုလက်ပြန်ကြိုးတုပ်ကာ သစ်သားတုတ်ဖြင့် ဦးခေါင်းအပါအ၀င် ခန္ဓာကိုယ်အနှံ့အပြားကို ရိုက်နှက်ခြင်း၊ လက်သီးဖြင့် ၀ိုင်းဝန်းထိုးနှက်ခြင်း၊ ၀ိုင်းဝန်းကန်ကျောက်ခြင်း စသည်တို့ကို ပြုလုပ် နှိပ်စက်ကြသည့်အပြင် ဦးခေါင်းအား ပလတ်စတစ်အိတ်စွပ်၍ အသက်ရှူကျပ်အောင်ပြုလုပ်ကာ ရေများဖြင့် မျက်နှာကိုပက်ဖျန်းရိုက်နှက်ခြင်း၊ ပလာယာဖြင့် သွားများကိုဆွဲနုတ်ခြင်း၊ ခြေချောင်း၊ လက်ချောင်းများကို ပင်အပ်များအတင်းထိုးစိုက်၍ နှိပ်စက်ခဲ့သည်ဟု ဦးရင်ရင်မောင်၏တင်ပြ စာတွင် ရေးသားထားသည်။ “ခေါင်းကွဲတယ်၊ သွားတချောင်းပဲ့သွားတယ်၊ ခြေထောက် နှစ်ချောင်းကို ကြိုးတုပ်ပြီး အချုပ်ခန်းအပေါ်ထုပ်တန်းမှာ တွဲလောင်းဆွဲ နှိပ်စက်တယ်၊ ဒီလို ၉ ရက်တိတိ ညှဉ်းပန်းနှိပ်စက်နေတဲ့ ရက်တွေ အတွင်းမှာလည်း ထမင်းမကျွေး၊ ဘယ်အစားအစာမှလဲမကျွေး၊ ရေလည်း မတိုက်ဘဲထားတယ်”ဟု ၎င်းက ပြောသည်။ ထို့အပြင် ယောက္ခမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့ကိုလည်း မိမိ နှင့်အတူ တပ်အချုပ်ခန်းအတွင်းထည့်သွင်း၍ ရိုက်နှက်နှိပ်စက်ခဲ့ပြီး ဇနီးနှင့် လသားကလေးကိုလည်း ခွဲထားကာ နို့တိုက်ခွင့်ပင်မပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောဆိုသည်။ အမှန်တကယ် သေနတ်ခိုးခဲ့သည့်တရားခံကို နောက်ပိုင်းမှ ဖမ်းမိခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကာ ကြံရာပါနှစ်ဦးတို့ကိုမူ ထောင် ဒဏ် ၅ နှစ်စီဖြင့် ကျောက်ဖြူအကျဉ်းထောင်တွင် အကျဉ်းကျခံစေခဲ့သည်။ ဖမ်းဆီးနှိပ်စက်ခဲ့သည့် ဗိုလ်မှူးနှင့်ဗိုလ်ကြီးတဦးတို့ကခေါ်၍ နစ်နာခဲ့သည့်အတွက် တပ်မှထွက်ခွင့်ပေးမည်ဟု တပ်တွင်းစစ်ခုံရုံးသဏ္ဌာန်ပြု လုပ်၍ပြောကြားခဲ့ပြီး ၎င်းနှင့်လှကျော်သာတို့ကို ကျောက်ဖြူသို့ ပို့စေခဲ့သော်လည်း တပ်မှထွက်ခွင့်ပေးခြင်းမဟုတ်ဘဲ ကျောက်ဖြူအကျဉ်းထောင်သို့ တနှစ် ထောင်ဒဏ်ကျခံရန် ပို့လိုက်ခြင်းသာဖြစ်သည်ဟု ဦးရင်ရင်မောင်က ဆိုသည်။ အထက်ပါကိစ္စများကို နိုင်ငံတော်၏အကြီးအကဲများသိရှိနားလည်လျက် တပ်မတော်၏ အောက်ခြေတပ်သားများဘ၀ကို အရှိပကတိအတိုင်း စာနာနားလည်နိုင်ပေးခြင်းအားဖြင့်လည်းကောင်း၊ မိမိကဲ့သို့ တပ်သားများ တပ်မတော်တွင် နောက်ထပ်မဆုံးရှုံးစေတော့ရန်အတွက် လည်းကောင်း၊ မိမိ၏နစ်နာမှုများကိုလည်းကောင်း အလေးအနက်ထား ကူညီဆောင်ရွက်ပေးရန် လေးစားစွာဖြင့် တင်ပြအပ်ပါကြောင်းဖြင့် ပြီးခဲ့သည့် မေလ က တင်ပြခဲ့သည့် တင်ပြစာတွင်ပါရှိသည်။ တပ်မတော်သားများ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်းနှင့်စပ်လျဉ်း၍ ဝေဖန်သုံးသပ်မှုပေးရန် အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဒုဥက္ကဋ္ဌ ဦးစစ်မြိုင်ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း သုံးသပ်ချက်မပေးနိုင်ကြောင်း ဖြေကြားခဲ့သည်။ “ကျွန်တော်တာဝန်ယူရတဲ့ တိုင်ကြားစာတွေထဲမှာတော့ လူ့ အခွင့်အရေး ချိုးဖောက်ခံရတဲ့ တပ်မတော်သားရဲ့တိုင်ကြားစာမျိုး မရှိပါဘူး၊ ဒါပေမဲ့လုံးဝမရှိဘူးလို့တော့ ပြောလို့မရပါဘူး”ဟု ၎င်းကဆိုသည်။ တပ်မတော်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများနှင့်ပတ်သက်၍ နစ်နာချက်တိုင်ကြားတင်ပြစာများအပေါ် သက်ဆိုင်ရာအစိုးရပိုင်းနှင့် လွှတ်တော်ပိုင်းမှ အရေးယူဆောင်ရွက်မှုနည်းပါးနေခြင်းအပေါ် ဗိုလ်ကြီး ဟောင်းဦးနေမျိုးဇင်က “ဖွဲ့စည်းပုံအခြေခံဥပဒေမှာကိုက စစ်ဘက်တရား စီရင်ရေးကို ကာကွယ်ရေးဦးစီးချုပ်ထက်ကျော်လွန်ပြီး ဘယ်သမ္မတ၊ ဘယ် လွှတ်တော်ဥက္ကဋ္ဌကမှ ၀င်စွက်ဖက်လို့မရဘူးဆိုပြီး ပြဋ္ဌာန်းထားတာကိုး၊ အမှန်ဆိုရင်တော့ ကမ္ဘာ့ဒီမိုကရေစီနိုင်ငံတွေ နည်းတူစစ်ဘက်ရဲ့တရား စီရင်ရေးကလည်း အရပ်ဘက်ရဲ့အောက်မှာပဲ ရှိသင့်တယ်”ဟု သုံးသပ်သည်။ နိုင်ငံတော်သမ္မတနှင့်သက်ဆိုင်ရာဌာနများသို့ လွှတ်တော်ရေးရာ ကြားနာပွဲတရပ် စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တတိယမြောက်တင်ပြစာ ပေးပို့ထားသော ဦးရင်ရင်မောင်က ယနေ့အထိအကြောင်းမထူးသေးသော်လည်း ကြားနာပွဲမပြုလုပ်ပေးပါက ထပ်မံ၍ တင်ပြစာပေးပို့သွားမည်ဟု ဆိုသည်။ “နိုင်ငံတော်အပေါ် စစ်သားကောင်းတယောက်အနေနဲ့ တာဝန်ကျေပွန်အောင် ထမ်းဆောင်ခဲ့ပေမဲ့ရတဲ့ ရလဒ်က ထောင်ထွက်၊ စစ် ဥပဒေကို ဖောက်ဖျက်ကျူးလွန်သူဆိုတဲ့ ရလဒ်ပဲဖြစ်တယ်။ ဒီထက် ဆိုးတာက ကျွန်တော့်သားသမီးတွေရဲ့ အနာဂတ်ဦးတည်ရာလမ်းကြောင်း တွေပြောင်းသွားတာပါပဲ””ဟု ဦးရင်ရင်မောင်က ရင်ဖွင့်ခဲ့သည်။ ကျော်လင်းထွန်း 
No comments:
Post a Comment