Tuesday, November 25, 2014

တစ်ရွာမပြောင်းသူကောင်းမဖြစ်နိုင်တော့တဲ့ လိုင်ဇာမြို့ခံဘဝ

 တစ်ရွာမပြောင်းသူကောင်းမဖြစ်နိုင်တော့တဲ့ လိုင်ဇာမြို့ခံဘ၀ ကေအိုင်အေ(ကချင်)အဖွဲ့အတွက် နိုဝင်ဘာလ ၁၉ ရက်နေ့ နေ့ခင်းပိုင်းက ဂြိုလ်ဆိုးတစ်ခုဝင်ခဲ့ရ ပါတယ်။ စစ်တပ်နဲ့တိုက်ပွဲဖြစ်လို့စစ်တပ်ကနီးစပ်ရာစခန်းတွေခြောက်လှန့်ပစ်ခတ်ခဲ့ရာကကေအိုင်အေသင်တန်းကျောင်း တစ်ခုရဲ့ တန်းစီကွင်းထဲလက်နက်ကြီးကျည်ကျလို့ သင်တန်းဆရာအပါအ၀င် သင်တန်းသား ၂၃ ဦးသေဆုံးပြီး ၂၀ ၀န်းကျင်ခန့်ဒဏ်ရာရရှိသွားတယ်လို့ ထုတ်ပြန်တာတွေ့လိုက်ရပါတယ်။ သြော် တရားကျဖို့တော့ကောင်းလှပါတယ်။ ၀မ်ပေါင်နိုင်ငံတော်တည်ထောင်ဖို့အတွက် ကြိုးစားနေကြတဲ့ သင် တန်းသားများကျဆုံးမှုတွေအတွက်ဆုတောင်းပွဲတွေ တွေ့ရတော့စိတ်မကောင်းတော့ဖြစ်မိပြန်တယ်။ ဘယ်တတ်နိုင်မလဲ၊စစ်ဆိုတာပန်းနဲ့ ပေါက်တာမဟုတ်တော့ သေကြေတာကအဆန်းတော့မဟုတ်လှတော့ ပါရှင်။ ဒီဖြစ်ပွားမှုဟာ ၁၉ ရက်နေ့မတိုင်မီစစ်တပ်နှင့် ကေအိုင်အေအဖွဲ့တို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများရဲ့ အကျိုးဆက်အပြင် လမ်းဖောက်နေတဲ့ စစ်ကြောင်းကိုကေအိုင်အေကချောင်းမြောင်းပစ်ခတ်ရာမှ စတင် တာဖြစ်တယ်လို့ အစိုးရမီဒီယာတွေမှာရှင်းလင်းသွားတာတွေ့လိုက်ရပြန်တယ်။ ဖြစ်လည်းဖြစ်နိုင်ပါတယ်။ စစ်ဖြစ်တာ ၃ နှစ်ထဲပင် ၀င်ပါတော့မယ်။ ငြိမ်းချမ်းရေးစကားပြောတာအကြိမ်မနည်းတော့ပေမယ့်သေနတ် သံမရပ်သေးတာမဆန်းလှပါ။ ဒို့ လိုင်ဇာမြို့တစ်ဝိုက်နေ့စဉ်ထုတ်လွှတ်ခဲ့တဲ့ အသံလွှင့်ဌာနက အမြဲပြောဆိုနေတဲ့ ၀မ်ပေါင်နိုင်ငံတော်ပေါ်ထွက်လာတော့မယ်ဆိုတဲ့ မျှော်လင့်ချက်ကြောင့် ဒို့သား၊ သမီးတွေအသက်ပေးခဲ့ရတာမနည်းလှတော့ပါ။ လစာမရလည်းနေ၊ ရိက္ခာမရလည်းနေ၊ ဒို့လူမျိုးအတွက် အသက်ပေးကြပါစို့လို့စည်းရုံးခဲ့တဲ့ ဒို့လူကြီးတွေကတော့ တရုတ်ဘက်မှာအေးဆေး နေကြပြီးတကယ်တိုက်နေတဲ့ ကချင်တွေအတွက် ရလဒ်ကတော့ အနုတ်ဘက်ကိုပဲဦးတည်နေခဲ့ရပါတယ်။ အစိုးရဘက်ကလည်းဒီလိုအဖြစ်မျိုးမဖြစ်ရလေအောင် လမ်းဖောက်ကတည်းကကေအိုင်အေ အဖွဲ့ကို ညှိနှိုင်းစာပို့ပြီးဖြစ်တယ်လို့ပြောတာတွေ့ရလို့ ဒို့ ကေအိုင်အေခေါင်းဆောင်တွေ ကိုယ်တိုင်သိလျက်နဲ့များကိုယ့်လူကိုယ်မထိန်းနိုင်တော့တဲ့အခြေအနေရောက်နေတာလားမေးစရာဖြစ်နေပါပြီ။ မထိန်းနိုင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အောက်ခြေ တပ်သားတွေဘ၀က စုတ်ပြတ်နေတော့ အပြစ်တော့မဆိုချင်တော့ပါ။ ဂွမ်မော်တို့ အင်ဘန်လှတို့ကိုယ်တိုင် တရုတ်နဲ့ ထိုင်းနိုင်ငံဘက် စုန်ချည်ဆန်ချည်ကူးလူးသွားလာနေပြီးကိုယ်ကျိုးပဲအဓိကထားနေတော့ အထူးအဆန်းတော့ မဟုတ်လှပါ။ ယခင်ကေအိုင်အေသမိုင်းအဆက်ဆက်ကိုကအချင်းချင်းသတ်ပြီးနေရာလုရတာဆိုတော့ ဘယ်အချိန်ကျ အသတ်ခံရတော့မယ်ဆိုတာတွေးပူစရာလည်း ဖြစ်ပုံရပါတယ်။ ဒါတွေကြောင့်လည်းလိုင်ဇာမှာ အခြေချမနေတော့တာဖြစ်မယ် ထင်ပါတယ်။ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်း ငြိမ်းချမ်းရေးစကားတွေပြောတော့ ပျော်လိုက်တာမှ ကချင်ပြည်နယ်မှာ နေထိုင်ကြတဲ့ ကချင်လူမျိုးသာမကကျန်တိုင်းရင်းသားအားလုံးအပါအ၀င်ဖြစ်ပါတယ်။ သို့သော် လိုင်ဇာနဲ့ လိုင်ဇင်ပိုစ့်မှာတော့ ဂွမ်မော်၊ အင်ဘင်လန်တို့ကရွာသားတွေခေါ်ပြီး ၀မ်ပေါင်နိုင်ငံအတွက် အသက်ပေးဖို့ သင်တန်းတွေတောက်လျှောက်ဖွင့်ခဲ့ပြန်ပါတယ်။ အဲဒီထဲကကိုရိပ်စားမိပြီးသားပါ။ ငြိမ်းချမ်းရေးဘယ်တော့ မှမရနိုင်တော့ဘူးလို့။ အဆိုးဆုံးကအခုအပစ်ခံရတဲ့ လေ့ကျင့်ရေးစခန်းနဲ့ စစ်တပ်ရဲ့စခန်းအမြောက် တစ်ကမ်းအကွာမှာထားပြီးသင်တန်းကျောင်းဖွင့်ခဲ့တဲ့ ကေအိုင်အေခေါင်းဆောင်ပိုင်းတွေရဲ့ ဥာဏ်အမြော်အမြင်ကြီးမှုကို ကျွန်မတောင်လေးစားလို့မဆုံးနိုင်အောင် ဖြစ်မိပါတယ်။ ဖြစ်လည်းဖြစ် ရမယ်လေသင်တန်းကျောင်းကျောင်းအုပ်လုပ်တဲ့သူကိုယ်တိုင်ကစစ်တပ်ရဲ့ DSA ကျောင်းဆင်း ဟောင်းဖြစ်နေတော့ စိတ်အခံကိုကစစ်တပ်ဘက်ကပါနေတာဖြစ်လို့ အန္တရာယ်ရှိတဲ့အခြေအနေကို မပြောဘဲဖြစ်ချင်ရာဖြစ်ကွာလုပ်ခဲ့တဲ့အတွက် လူယုံသတ်လို့သေတယ်လို့ပဲမြင်မိပါတော့တယ်။ မိမိသားငယ်အရွယ်သာသာရှိသေးသူများပေမို့မိခင်စိတ်ထားစိတ်မကောင်းဖြစ်ရပေမယ့်ဒီလိုသေတဲ့ထဲမှာပါ တဲ့ RSO ကုလားနှစ်ယောက်အတွက်တော့ လုံးဝပါပဲရှင်။ ကျွန်မသားကတော့ အစောကြီးတည်းက ၀မ်ပေါင်နိုင်ငံတော်အတွက် ပေးဆပ်လိုက်ရတဲ့အတွက် သားပျောက်တဲ့အမေဘ၀ကို လွန်စွာကိုမုန်းတီးမိပါတယ်ရှင်။ အခုဖြစ်တာစစ်တပ်ကအမြောက်နဲ့ပစ်လို့သေတာလို့လည်းပြောသလို၊ လိုင်ဇာမြို့ထဲမှာလည်းကုလား အယ်လ်ကိုင်ဒါအဖွဲ့ကသင်တန်းကျောင်းကွင်းပြင်မှာမိုင်းဖောက်ခွဲရေးသင်ခန်းစာပို့ချစဉ် မတော်တဆပေါက်ကွဲရင်းသေတာလို့ ပြောသံအများအပြားလဲ ကြားမိပြန်ပါတယ်။ ဘယ်ဟာအမှန်၊ ဘယ်ဟာအမှား မဝေဖန်ရဲပါ။ ခြောက်ယောက်လောက် ကိုယ်ခန္ဓာပြတ်ပြီးကျန်လူများက ဦးခေါင်းအပါအ၀င် ခြေလက်အင်္ဂါပြတ်သေတယ်ဆိုတော့ အမြောက်ဆန်လားမိုင်းဒဏ်လား ဆိုတာအငြင်းပွားရမယ့်အနေအထားမျိုးဖြစ်နေတယ်လို့ ကြားရပါတယ်။ ဒီသတင်းသာအမှန်အတိုင်းဆိုရင် ကွဲတာတောင်ကျေးဇူးတင်ရမလိုပါပဲ။ မြို့ပေါ်များကွဲလိုက်ရင် လူရာနဲ့ချီသေလောက်မယ့် အနေအထားမို့ပြောရတာ ဖြစ်ပါတယ်ရှင်။ မိုင်းကွဲလို့ပဲသေသေ၊ လက်နက်ကြီးကျည်ကျလို့ပဲသေသေ၊ ကလေးတွေကိုဘုရားသခင်စောင့်ရှောက်ပေးပါလို့ ကျွန်မကတော့ အမြဲဆုတောင်းပေးလျက်ပါ။ ဒါ့အပြင် လိုင်ဇာမြို့ပတ်ချာလည်ရှိတောင်ကုန်းတွေမှာလည်းစစ်တပ်စခန်းတွေ ၀ိုင်းထားတော့ အခြားတစ်နေရာရာ မှာတိုက်ပွဲဖြစ်လို့ပဲဖြစ်စေ၊လိုင်ဇာမြို့နားရှိတဲ့ ကေအိုင်အေစခန်းကိုတိုက်တာပဲဖြစ်စေအချိန်မရွေးလက်နက်ကြီး ကျည်ထွက်ရင်မလွတ်တာကိုသက်သေ ပြသလိုလည်းဖြစ်နေတာမို့ တစ်ရွာမပြောင်းသူကောင်း မဖြစ်ဆိုသလိုလိုင်ဇာမှာရှိတာလေးကိုရောင်းပြီးတရုတ်ဘက်ကူးတာပဲကောင်းတော့မယ်လို့ ဆုံးဖြတ်လိုက်နေမိတယ်။ မဒမ်အယ်ဂျာတောင်(လိုင်ဇာ)

No comments:

Post a Comment