ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်ထဲတွင် မြို့နယ်အုပ်ချုပ်မှုကိစ္စများကို KIO အဖွဲ့ဝင်ရောက်စွက်ဖက်နေသော အခြေအနေမှာ ယခုဆိုလျှင် တစ်စတစ်ဖြင့် ပိုမိုဆိုးဝါးလာခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်နေ့တွင် လုံးခင်းကျေးရွာ၊ ငြိမ်းချမ်းသာရပ်ကွက်နေ ဒေသခံတစ်ဦး၏နေအိမ်သို့ လူတစ်ဦး ဆိုင်ကယ်ဖြင့်လာပြီး KIO အဖွဲ့မှ ဆင့်ခေါ်စာ တစ်စောင် လာပေးသွားခဲ့သည်ဟု သိရသည်။ ဆက်ကြေးတောင်းသော ဆင့်ခေါ်စာမဟုတ်ဘဲ ပြည်နယ် ၀န်ကြီးချုပ် ညွှန်ကြားချက်အရ နေထိုင်သော အိမ်ကွက်ကိစ္စဖြေရှင်းရန် ဆင့်ခေါ်စာဖြစ်နေသည်။ ပြည်နယ်ဝန်ကြီးချုပ်က ရှင်းပေးရသောကိစ္စဖြစ်၍ အားလုံးအံ့အားတသင့်ဖြစ်ရပြီး အဖြစ်အပျက်ကို စူးစမ်း ကြည့်မိပါသည်။ ဆင့်ခေါ်စာအပေးခံရသော (အမည်မဖော်လို)သူတို့ နေထိုင်သော မြေကွက်သည် လွန်ခဲ့သော ၂၀၀၅ ခုနှစ်ကစွန်ဆာကုန်းတွင် ရွှေတူးဖော်ထားသည့်ကျင်းဟောင်းနေရာ အားမြေဖို့၍ နေအိမ်ဆောက်လုပ် နေထိုင်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၁၀ ခုနှစ်တွင် လုံးခင်းကျေးရွာ၊ ရပ်ကွက်(၂)နေ ဦးဥာဏ်ဝင်းဆိုသူမှ ၎င်းပိုင်ဆိုင် သော မြေကွက် ဟုပြောကာ သံဆူးကြိုးကာရံခဲ့သည်ဟု သိရပါသည်။ ကျင်းဟောင်းနေရာ မြေဖို့ပြီး ဆောက်လုပ်ခဲ့သော မြေကွက်ဖြစ်၍ ဦးဥာဏ်ဝင်း၏ အနိုင်ကျင့်မှုကို ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံတိုင်ကြားစာပို့ခဲ့သည်ဟုသိရပါသည်။ ပြည်နယ်ဝန်ကြီးချုပ်၏ ညွှန်ကြားချက်အရ မိုးညှင်း ခရိုင်အဖွဲ့မှ လာရောက်စစ်ဆေးခဲ့ရာ အဆိုပါမြေကွက်သည် ဦးဥာဏ်ဝင်း မပိုင်ဆိုင်ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ပိုင်ရှင်ဖြစ်သူအား ဆက်လက်နေထိုင်ခွင့်ပြုခဲ့ပါသည်။ ယင်းဆုံးဖြတ်ချက်နှင့်ပတ်သက်၍ ဦးဥာဏ်ဝင်းမှ မကျေနပ်သဖြင့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလအတွင်း KIO ဖားကန့်တရားရုံးသို့ သွားရောက်တိုင်ကြားခဲ့သည်ဟု သိရပါသည်။ ထို့ကြောင့် ဇန်န၀ါရီ နောက်ဆုံးပတ်တွင် KIO ဖားကန့်တရားရုံးမှ ပိုင်ရှင်ဖြစ်သူ ဇနီးမောင်နှံအား ဆင့်ခေါ်သဖြင့် သွားရောက်တွေ့ဆုံခဲ့ပါသည်။ အဆိုပါ ရုံးတွင် ဦးဥာဏ်ဝင်းဆိုသူက ကြိုတင်ရောက်ရှိနေပြီး ပိုင်ရှင်ဇနီးမောင်နှံအား အောက်တိုဘာ နောက်ဆုံးထားပြီး ဖယ်ရှားပေးရန်၊ ဖယ်ရှားမပေးပါက KIO ဖားကန့်ခရိုင်တရားရုံးအား ပုန်ကန်သည်ဟု မှတ်ယူမည်ဖြစ်ကြောင်း၊ အစိုးရဌာနများသို့တိုင်ကြားပါက သတ်ပစ်မည်ဖြစ်ကြောင်း၊ ၎င်းတို့တွင် ဥပဒေမရှိကြောင်း ပြောဆိုခဲ့သည်ဟု သိရပါသည်။ ထိုသို့ ခြိမ်းခြောက်ပြောဆိုပြီး ဖယ်ရှားပေးပါမည်ဟု အတင်းအကြပ်လက်မှတ်ရေး ထိုးခိုင်းခဲ့ကြောင်း၊ လက်မှတ် မရေးထိုးပါက ပြန်လွှတ်ပေးမည်မဟုတ်ကြောင်း ခြိမ်းခြောက်ပြောဆိုခဲ့သဖြင့် လက်မှတ်ရေးထိုးပေးခဲ့ရကြောင်း ပိုင်ရှင်ဖြစ်သူထံမှ သိရပါသည်။ ယခု ထပ်မံခေါ်ဆိုခြင်းမှာ မြေကွက်ဖယ်ရှားပေးရန် အတင်းအကြပ်ပြော ဆိုခြင်းဖြစ်နိုင်၍ ပိုင်ရှင်ဖြစ်သူများမှ မှော်ဝမ်းရပ်ကွက်ရှိ ရဲသတင်းတပ်ဖွဲ့သို့ သွားရောက်အကြောင်းကြားထားခဲ့သည်ဟု သိရပါသည်။ ပြည်နယ် ၀န်ကြီးချုပ်ကိုယ်တိုင် တရားဥပဒေနှင့် အညီ ဖြေရှင်းဆောင် ရွက်ပေးပြီးသောကိစ္စကို KIO အဖွဲ့ဝင်ရောက် စွက်ဖက်ခြင်းက ဥပဒေကို မလေးစားရာရောက်နေပါသည်။ ထို့ပြင် ပြည်သူနှင့်ပတ်သက်သော အမှုအခင်း ကိစ္စများကို KIO အနေနဲ့ ဖြေရှင်းဆောင်ရွက်ပေးခွင့်လည်း မရှိပါ။ ပြည်နယ်ဝန်ကြီးချုပ်ကိုပင် ခြေရာတိုင်း လာသော KIO ၏ လုပ်ရပ်ကို တည်ဆဲဥပဒေများနှင့်အညီအရေးယူပြီး ဒေသခံများ၏ လူနေမှုဘ၀လုံခြုံရေးကို အပြည့်အ၀ကာကွယ်စောင့်ရှောက်ရန် လိုအပ်လာပြီဖြစ်ကြောင်း ရေးသား လိုက်ရပါသည်။ ဇော်ဆိုင်း(လုံးခင်း)
No comments:
Post a Comment