နိုဝင်ဘာလ ၁၄ ရက်၊ ၂၀၁၄
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု၊ မှော်ရှန်းကျေးရွာနေ အနှိပ်ခန်းတစ်ခုတွင် နိုဝင်ဘာ ၁၂ ရက်နေ့ ည ၁၂ နာရီချိန်ခန့်၌ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့တစ်ဖွဲ့မှ ဥပဒေမဲ့လုပ်ရပ်များ လာရောက်ကျူးလွန်ခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။
အဆိုပါဖြစ်စဉ်မှာ ဆိုင်းတောင်တိုက်နယ်ရုံးမှ စီဗွီမာတူးဦးစီးအဖွဲ့ဝင်(၈)ဦးသည် တူးဘိုင်ဝမ်းအနှိပ်ခန်းသို့ ညအချိန်မတော်ရောက်ရှိလာပြီး အနှိပ်ခန်းဝင်ချင်ကြောင်းပြောရာ အနှိပ်ခန်းပိုင်ရှင်မှ လူပြည့်နေသဖြင့် ခဏ စောင့်ပေးရန် ပြောရာလက်မခံဘဲ ထိုးကြိတ်ရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
``အနှိပ်ခန်းပိုင်ရှင်ကို ဦးဆုံးထိုးကြိတ်ရိုက်နှက်တာပါ၊ ပြီးတော့ အနှိပ်ခန်းဧည့်ခန်းထဲကိုဝင်လာပြီး အနှိပ်ခံ နေတဲ့ လူတွေကို ဆွဲထုတ်တယ်၊ ပြီးတော့ သူတို့ကိုပါ ပါးရိုက်တာ´´ ဟု မျက်မြင်အလုပ်သမားတစ်ဦးက ပြောသည်။
အဆိုပါအဖွဲ့သည် အနှိပ်ခန်းရှိဧည့်ခန်းတွင် လာရောက်အနှိပ်ခံနေသည့် အမျိုးသား(၈)ဦးနှင့် အလုပ်လုပ် ကိုင်သူ အမျိုးသမီး(၁၅)ဦးခန့်အား စုပြီး ထိုင်ခိုင်းကာ ငါတို့က ဆိုင်းတောင်တိုက်နယ်ရုံးဟု အော်ဟစ်ပြီး ဧည့်စာရင်းစစ်မည်ဟု ပြောဆိုခဲ့ကြောင်း၊ အမျိုးသားများအား တစ်ဦးချင်းပါးရိုက်ပြီး နာမည်နှင့်လိပ်စာများ မေးမြန်းခဲ့ကြောင်း သိရသည်။
``အဲဒီ ၈ ယောက်ထဲက နှစ်ယောက်ကို ဖမ်းခေါ်သွားတယ်၊ မနေ့ကတော့ ရွာကိုတစ်ယောက်ပြန်ရောက်လာ တယ်၊ တစ်ယောက်ကျန်သေးတာပေါ့၊ အဲဒီတစ်ယောက်ကို ဘာလုပ်ထားလဲတော့ မသိရသေးဘူး´´ ဟု မှော်ရှန်ရွာသားတစ်ဦးက ပြောသည်။
ဖားကန့်မြို့နယ်တွင် KIA အဖွဲ့ သွားလာလှုပ်ရှားမှုများ ရှိသော်လည်း အစိုးရမှ တားမြစ်ခြင်းမရှိကြောင်း၊ သို့သော် ယခုကဲ့သို့ ဒေသခံများအပေါ် နိုင်ထက်စီးနင်းထိုးကြိတ်ရိုက်နှက်ခြင်းနှင့် ဖမ်းဆီးခြင်းသည် ဥပဒေမဲ့ လုပ်ရပ်များကို ကျူးလွန်နေခြင်းဖြစ်ကြောင်း၊ ထိုလုပ်ရပ်များ ကျူးလွန်သော KIA အဖွဲ့ကို KIO/KIA ခေါင်း ဆောင်ပိုင်းမှ လွှတ်ပေးထားသလို ဖြစ်နေခြင်းကြောင့် အစိုးရအဖွဲ့မှ ဥပဒေနှင့်အညီ တားဆီးအရေးယူပေးရန် ဒေသခံများမှ လိုလားနေကြောင်း သိရှိရပါသည်။
ထွန်းနေအောင်(ဖားကန့်)
No comments:
Post a Comment