ရွှေမှော်တစ်မှော် ဆက်ကြေးတစ်လ သိန်း(၅၀) ရနေတဲ့ KIA ဘယ်အပစ်ရပ်မလဲ
29.11.2014 ကချင်ပြည်နယ်၊ ရှင်ဗွေယန်မြို့နယ်ခွဲအနီးရှိ ရွှေမှော်များတွင် နိုဝင်ဘာ ၂၅ ရက်နေ့၌ ကချင်လွတ်မြောက်ရေး တပ်မတော်(KIA)အဖွဲ့မှ လစဉ် ဆက်ကြေးငွေများလာရောက်ကောက်ခံသွားကြောင်း ယင်းဒေသခံများထံမှ သတင်း ရရှိသည်။ KIA ဝေကြိုင်ဘွမ်ဗိုလ်သင်တန်းကျောင်းပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် ဗိုလ်လောင်း ၂၃ ယောက် သေဆုံးမှုနှင့်ပတ်သက်ပြီး အစိုးရနှင့် အပစ်ရပ်လက်မှတ်မထိုးရန် ရက်ရွှေ့ဆိုင်းသည်ဟူသော သတင်းများ ထွက်ပေါ်လာခဲ့သော်လည်း တစ်ဖက်မှာတော့ KIA အဖွဲ့က ဆက်ကြေးကောက် မပျက်ကွက်ကြောင်း သိရသည်။ ``နဂိုကတည်းက ၀င်ငွေဖြောင့်နေလို့ အပစ်မရပ်ချင်တဲ့ KIA က ဂွင်တွေ့သွားတာပေါ့၊ ဗိုလ်သင်တန်းကျောင်းပေါ် လက်နက်ကြီး ကျလို့ အပစ်မရပ်ဘူးဆိုပြီး လုပ်လာပြီ၊ သူတို့အပစ်မရပ်ချင်တာ အဲဒီကိစ္စက အဓိကမဟုတ်ဘူး။ ရွှေမှော်တွေကနေ ဆက်ကြေးငွေတွေ သိန်းရာချီရနေလို့ပါ´´ ဟု ဒေသခံတစ်ဦးက ပြောကြားသွားသည်။ အဆိုပါရွှေမှော်၌ ရွှေစက်ဆိုင်းများဖြင့် ရွှေတူးဖော်ချက်ရှိရာ စက်ဆိုင်းအမျိုးအစားအလိုက် စုစုပေါင်း ၁၀၀ ကျော် ရှိကြောင်း ရွှေလုပ်သားတစ်ဦးက ပြောသည်။ ``ရွှေစက်ဆိုင်းက တစ်လုံးထိုးကနေ ရှစ်လုံးထိုးထိ ရာချီပြီးရှိတာ၊ တစ်လကို KIA အဖွဲ့အတွက် ဆက်ကြေးငွေ သိန်း ငါးဆယ် တစ်နှစ်ဆိုရင် သိန်းခြောက်ရာလောက်ရတယ်လို့ သိရတယ်၊ ငြိမ်းချမ်းရေးယူလိုက်ရင် သူတို့ စားပေါက်တွေ ပိတ်သွားမှာကြောက်လို့ အကြောင်းရှာနေတာပါဗျာ´´ ဟု ရှင်ဗွေယန်းမြို့ခံတစ်ဦးက ဆိုသည်။ KIA အဖွဲ့မှ တစ်လုံးထိုး စက်ဆိုင်းတစ်ဆိုင်းလျှင် ၃ သောင်းကျပ်၊ လေးလုံးထိုးစက်ဆိုင်းတစ်ဆိုင်းလျှင် ၅ သောင်း ကျပ်၊ ခြောက်လုံးထိုး စက်ဆိုင်းတစ်ဆိုင်းလျှင် ၁ သိန်းကျပ်၊ ရှစ်လုံးထိုး စက်ဆိုင်းတစ်ဆိုင်းလျှင် ၁ သိန်းခွဲကျပ်နှုန်း ကောက်ခံသွားကြောင်း သိရှိရပါသည်။ ဇော်မိုင် 
No comments:
Post a Comment