ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးကျော်ဘ၏သား GE တပ်အတွင်း သေနတ်ပစ်ဖောက်
Sunday, November 30, 2014 နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏ သားဖြစ်သူမှာ နိုဝင်ဘာလ ၂၇ ရက် နံနက်ပိုင်းက ဒဂုံမြို့နယ် မြို့မကျောင်းလမ်းရှိ အမှတ် (၉၅၃) ဆောက်လုပ်ရေး အင်ဂျင်နီယာ (GE) တပ်ခွဲဝင်း အတွင်းသို့ ကိုယ်ပိုင်ယာဉ်ဖြင့် ရောက်ရှိလာပြီး ပစ္စတိုသေနတ်ကို ပစ်ဖောက်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရုံးထံမှ စုံစမ်းသိရှိရသည်။ ရန်ကင်းမြို့နယ် ဘောက်ထော် ၁၆ ရပ်ကွက်တွင် နေထိုင်သော ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးကျော်ဘ၏ သားဖြစ်သူ အသက် ၄၄ နှစ်ရှိ ဦးအောင်အောင်ဦးသည် ယင်းနေ့ နံနက် ၃ နာရီခန့်က ကိုယ်ပိုင်ယာဉ်ဖြင့် အဆိုပါ GE တပ်သို့ ရောက်ရှိခဲ့သောကြောင့် ဂိတ်ဝရှိ ကင်းတာဝန်ကျနေသူက တားဆီးစစ်ဆေးစဉ် ယာဉ်ကို တပ်အတွင်းသို့ အတင်းမောင်းနှင် ဝင်ရောက်ကာ အိမ်ထောင်သည် လိုင်းခန်းရှေ့တွင် ပစ္စတိုသေနတ်ကို မိုးပေါ်ထောင်ကာ သေနတ်နှစ်ချက် ပစ်ဖောက်ခဲ့ခြင်း ဖြစ်သည်။ “ဂိတ်က တာဝန်ကျက မေးမြန်းတာကို သူကလက်မခံဘဲ ကားကို တပ်ဝင်းထဲ အတင်းမောင်းဝင်ခဲ့တာ။ ပြီးတော့ အိမ်ထောင်သည် လိုင်းခန်းရှေ့မှာ ကား ရပ်ပြီး ကားဟွန်းကို အဆက်မပြတ် တီးနေတာကြောင့် တာဝန်ရှိသူတွေက သူ့ကို ဘာလို့ ဟွန်းတီးတာလဲ မေးမြန်းခဲ့တာ။ ငါ့ကို ဘာကောင်မှတ်နေလဲ ဆိုပြီး သူ့မှာ ပါလာတဲ့ ပစ္စတိုသေနတ်ကို မိုးပေါ် နှစ်ချက်ထောင် ပစ်ခဲ့တာ” ဟု ၎င်းကဆိုသည်။ မိုးပေါ်ထောင် သေနတ်ပစ်ဖောက်ခဲ့သူကို GE တပ်ခွဲမှ စစ်သည်များက လုံးထွေး ဖမ်းဆီးခဲ့သောကြောင့် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ မျက်နှာနှင့် မေးရိုးဌာနတွင် ဆေးကုသမှု ခံယူနေရကြောင်း၊ ၎င်းမောင်းနှင်လာသော ကိုယ်ပိုင်ယာဉ်ကို စစ်ဆေးခဲ့ရာမှ ဗြောက်အိုး၊ ရှူးဒိုင်းများနှင့်အတူ ပစ္စတို သေနတ်တစ်လက်၊ ကျည်ကတ်တစ်ကတ်၊ ခေါက်ဓားတစ်ချောင်းနှင့် စတီးတုတ်ချောင်းတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒဂုံမြို့မ ရဲတပ်ဖွဲ့စခန်းထံမှ စုံစမ်းသိရှိရသည်။ “ဘာအကြောင်းနဲ့ တပ်ထဲလာပြီး သေနတ်ပစ်ဖောက်ခဲ့တယ် ဆိုတာ တပ်ပိုင်းက စုံစမ်းနေသလို ရဲတပ်ဖွဲ့ကလည်း စစ်ဆေးနေပါတယ်။ အခု ပြစ်မှုကျူးလွန်သူက လူကြီးသားသမီးဆိုပြီး အပြစ်လျှော့ပေါ့ပေးမှာ မဟုတ်ပါဘူး။ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်သွားမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ဆိုသည်။ အဆိုပါ GE တပ်ခွဲဝင်းအတွင်း ဝင်ရောက်ကာ သေနတ်ပစ်ဖောက်ခဲ့သူကို ဒဂုံမြို့မ ရဲစခန်းက (ပ) ၂၅၄/၁၄၊ ပုဒ်မ ၃၀၇/ ၃၅၃/ ၄၄၇/၁၁၄ တို့ဖြင့် အမှုဖွင့် အရေးယူ ဆောင်ရွက်နေကြောင်း ဒဂုံမြို့မ ရဲစခန်းမှူး ဒုရဲမှူးသောင်းစိန်က ပြောကြားသည်။
No comments:
Post a Comment