Thursday, December 4, 2014
တရုတ်နယ်စပ်ရှိ မြန်မာပိုင် ဘဏ်စာရင်းများ ပိတ်ပင်မှုကြောင့် ငွေကြေး လည်ပတ်မှု အခက်အခဲကြုံ
ရန်ကုန်၊ ဒီဇင်ဘာ ၃
တရုတ်အစိုးရက မြန်မာ- တရုတ်နယ်စပ် (မူဆယ်-ကြယ်ဂေါင်) ဘက်ရှိ မြန်မာနိုင်ငံသားပိုင် ဘဏ်ငွေ စာရင်း (၂၀၀)ခန့်ကို တရုတ်ဘဏ်များက ပိတ်ပင်ခဲ့ သည့်အတွက် နယ်စပ် ကုန်သွယ်ရေးတွင် ငွေကြေး လည်ပတ်မှု အခက်အခဲ ဖြစ်ပေါ်လျက်ရှိသည်ဟု မူဆယ် ဆန်စပါး ကုန်စည်ဒိုင် ပြန်ကြားရေး မှူး ဦးမင်းသိန်းက ဒီဇင်ဘာ ၃ရက်တွင် မြန်မာသံတော်ဆင့်သို့ ပြော သည်။
တရုတ်ဘဏ်များတွင် ဘဏ်ငွေစာရင်း ဖွင့်ထားပြီး အဆိုပါ ငွေစာရင်းများကို (၆)လမှ (၁)နှစ် အတွင်း အသုံးပြုခြင်း မရှိသူများ၊ ငွေဖြူငွေမည်း ခ၀ါချမှုနှင့် တရားမ၀င် ငွေစီးဆင်းမှုကို ထိန်းချုပ်သည့် အနေဖြင့် ရာဇ၀တ်မှု ကျူးလွန်ထားသူများ၏ ဘဏ်စာရင်းများကို အဓိကထား ပိတ်ပင်ခြင်းဖြစ်ကြောင်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။
““တရုတ်ပြည်က ဘဏ်အကောင့်တွေ ပိတ်လိုက်တဲ့အထဲမှာ ဗမာကုန်သည်တွေ လည်း ပါတယ်။ ဗမာ ငွေလွှဲ တဲ့သူတွေ (ဟွန်ဒီ) တွေလည်းပါတယ်။ ဒီလို ပိတ်ပင်လိုက်ခြင်းအားဖြင့် ငွေရေးကြေးရေး အခက်အခဲတွေ ဖြစ် ကုန်တယ်။ ကျွန်တော်တို့က တရုတ်ပြည်ကို ဆန်ရောင်းထားတယ်။ ပိုက်ဆံလွှဲမယ့်သူတွေ က Account ကို ပိတ်ခံလိုက်ရတော့ မပေးနိုင်တော့ဘူး ဖြစ်နေတယ်။ ကုန်သည်တွေက ကြားညပ်ပြီး ပါသွားတာပေါ့။ လော လော ဆယ် ငွေထုတ်တာ မရတော့ အောက်ကို ပိုက်ဆံပြန်လွှဲပေးလို့ မရတော့ဘူး””ဟု မူဆယ်ဆန်စပါး ကုန်စည် ဒိုင် ပြန်ကြားရေးမှူး ဦးမင်းသိန်းက ပြောသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံမှ နိုင်ငံသား စိစစ်ရေး ကတ်ပြားဖြင့် မြန်မာနိုင်ငံ အစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဌာန ဘာသာပြန်ဌာနတွင် နိုင်ငံသား စိစစ်ရေးကတ်ပြားကို တရုတ်ဘာသာသို့ ပြန်ဆိုပြီး ဘာသာပြန် စာရွက်နှင့် အတူ တရုတ်ဘဏ်များတွင် ဘဏ်စာရင်းဖွင့် သုံးစွဲလျက်ရှိသည်။
မြန်မာနိုင်ငံမှ တရုတ်နိုင်ငံသို့ ယခုဒီဇင်ဘာလမှ စတင်၍ ဆန်တရားဝင် တင်ပို့မှုကို ကန့်သတ်ချက် များဖြင့် ပြန်လည်ခွင့်ပြုခဲ့ရာ ထိုသို့တရားဝင် ဆန်တင်ပို့ခြင်းကို တရုတ်အစိုးရက ခွင့်မပြုမီအချိန်က မြန်မာနိုင်ငံမှ ဆန်တင်ပို့မှုများကို အရေးယူမှုများကြောင့် ငွေရေးကြေးရေး အခက်အခဲ များ ဖြစ်ပေါ်နေချိန်တွင် ယခု အခါ မြန်မာပိုင် ဘဏ်ငွေစာရင်းများ ပိတ်ပင်ခဲ့ခြင်းကြောင့် ငွေကြေးလည်ပတ်မှု အခက်အခဲများ ဖြစ်ပေါ်လျက် ရှိ ကြောင်း မူဆယ် ဆန်စပါး ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးရင်းစိန်က မြန်မာသံတော်ဆင့်သို့ ပြောသည်။
““အဓိကက ငွေဖြူငွေမည်းကို ဦးတည်ပြီး ပိတ်တယ်လို့ ပြောရမှာပေါ့။ ထိခိုက်မှုကတော့ ရှိတယ်။ ဒီမှာက ဗမာငွေ မထားကြဘူးလေ။ တရုတ်ငွေပဲ ထားကြတာဆိုတော့ account ပိတ်ခံလိုက်ရတဲ့ အချိန်မှာ တရုတ်ငွေ ထုတ်လို့ မရတော့ဘူး။ ငွေပေးငွေယူ ကိစ္စတွေကအစ ထိခိုက်ကုန်တာပေါ့။ ငွေကြေး လည်ပတ်မှုက လျော့သွား တော့ ကုန်သွယ်မှုတော့ အနည်းငယ် ထိခိုက်တာပေါ့။ အရောင်းအ၀ယ် မကောင်းတာတို့၊ ဈေးနှုန်းကျတာ တို့ပေါ့”” ဟု မူဆယ်ဒေသခံ ကုန်သည်တစ်ဦးဖြစ်သူ ဦးစိုင်းနောင့်နောင့် က မြန်မာသံတော်ဆင့်သို့ ပြောသည်။
သဉ္ဇာဆွေ
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Subscribe to:
Post Comments (Atom)
No comments:
Post a Comment