ရှမ်းမျိုးနွယ်စုများအား KIA အဖွဲ့မှ လူသစ်အဖြစ် စုဆောင်းခြင်းမှ ကာကွယ်ပေးရန် လိုအပ်
12.12.2014 ကချင်ပြည်နယ်တွင် နေထိုင်သော ရှမ်းတိုင်းရင်းသားများကို KIA အဖွဲ့မှ လူသစ်အဖြစ် အဓိကထား စုဆောင်းနေပြီး အသက်မပြည့်သေးသည့် ရှမ်းမိန်းကလေးများအား အဓမ္မဖမ်းဆီး စုဆောင်းပြီး ၎င်းတို့တပ်ဖွဲ့ဝင်များနှင့် သဘောမတူဘဲ အိမ်ထောင်ချပေးလျက်ရှိကြောင်း ရှမ်းမျိုးနွယ်စုရေးရာ အဖွဲ့ (မြန်မာပြည် မြောက်ပိုင်း)မှ အတွင်းရေးမှူး ဦးစိုင်းဆန်းဝေထံမှ သတင်းရရှိပါသည်။ “ဒီ KIA အဖွဲ့တွေက ကချင်ပြည်နယ်မှာ ရှိတဲ့ ကျွန်တော်တို့ရှမ်းမျိုးနွယ်စုတွေကို အမျိုးမျိုးနှိပ်ကွပ်တယ်။ ကျွန်တော်တို့ လူမျိုးတွေကို အဓိကထားပြီး လူသစ်စုဆောင်းတယ်။ ကချင်ပြည်နယ်မှာ နေရင် KIA စစ်သားလုပ်ရမယ်ဆိုပြီး အတင်းဖမ်းတာ။ အခုဆိုရင် ရှမ်းတိုင်းရင်းသားတွေကို ဖမ်းဆီး စုဆောင်းထားတာ အယောက် ၂၀၀ ကျော်ရှိပြီ။ သူတို့တွေ သေလား၊ ရှင်လား လည်းမသိရဘူး။ ရှမ်းနီလူမျိုး မိန်းခလေးငယ်တွေကိုလည်း အဓမ္မဖမ်းဆီးပြီး သူတို့ ကချင်စစ်သားတွေနဲ့ အတင်းပေးစားတယ်” ဟု ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့ဝင်တစ်ဦး က ပြောသည်။ မြစ်ကြီးနားမြို့၊ ခေမာသီရပ်ကွက်၊ ရှမ်းဓမ္မာရုံတွင် ဒီဇင်ဘာ ၃ ရက်နေ့၌ အမေရိကန်သံရုံးမှ လူ့အခွင့်အရေးအရာရှိ ဒုတိယ အတွင်းဝန် Mrs. Thu Huynh thi nyuyen နှင့် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့(မြန်မာပြည်မြောက်ပိုင်း)တို့ တွေ့ဆုံဆွေးနွေးပွဲတွင် KIA အဖွဲ့၏ လူ့အခွင့်အရေးချိုးဖောက်မှုများအား ဖြေရှင်းပေးရန် တောင်းဆိုခဲ့ကြောင်း အတွင်းရေးမှူး ဦးစိုင်းဆန်းဝေ၏ ပြောပြချက်အရ သိရှိရပါသည်။ ၎င်းကိစ္စနဲ့ပတ်သက်ပြီး ဦးစိုင်းဆန်းဝေအား မေးမြန်းရာ “ရှမ်းမျိုးနွယ်စုတွေကို နှိပ်ကွပ်တာ။ အတင်းဖမ်းဆီး လူသစ်စုဆောင်းတာ။ အရွယ်မရောက်သေးတဲ့ ရှမ်းမိန်းခလေးငယ်တွေကို ဖမ်းဆီးပြီး KIA စစ်သားတွေနဲ့ အတင်းပေးစားတာတွေက လူ့အခွင့်အရေး ချိုးဖောက်တာပဲလေ။ ဒါကြောင့် ကျွန်တော်တို့ လူ့အခွင့်အရေးအရာရှိဆီ ကို တောင်းဆိုခဲ့တာပါ။ အဲ့ဒီအရာရှိလည်း ကျွန်တော်တို့ တင်ပြချက်ကို အရေးတယူ နားထောင်ပြီး အစိုးရအဖွဲ့အစည်းနဲ့ ပူးပေါင်းပြီး အကျိုးရှိအောင် အကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်လို့ ပြောသွားတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။ စက်တင်ဘာလ ၁၉ ရက်နေ့တွင် KIA ဗိုလ်သင်တန်းကျောင်းအား အစိုးရစစ်တပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်သည့် ဖြစ်စဉ်သည် ရှမ်းလူမျိုးများ၏ အသက် အိုးအိမ်များကို ကာကွယ်သည့် သဘော အနေဖြင့် သတိပေး ပစ်ခတ်ခြင်းသာ ဖြစ်နိုင်သည်ဟု ၎င်းကပြောသည်။ ကချင်ပြည်နယ် အတွင်း နေထိုင်သော ရှမ်းလူမျိုးများအား KIA အဖွဲ့များမှ လက်နက်အားကိုးဖြင့် ဖမ်းဆီးခြင်း၊ နှိပ်စက်ခြင်းများကို မကြာခဏ ပြုလုပ်နေသည့် အတွက် တပ်မတော် စစ်ကြောင်းမှ မကြာခဏ ဆိုသလို ၀င်ရောက်ပြီး ဖြေရှင်းပေးရကြောင်းနှင့် အဆိုပါ နေရာမှ တပ်မတော် ထွက်ခွာ သွားပါက ရှမ်းလူမျိုးများ အတွက် ပိုပြီး နှိပ်စက်ခံရမည်ဖြစ်သည့် အတွက် တပ်မတော်သည် ရှမ်းလူမျိုးများအား ကာကွယ်သည့် အနေဖြင့် ယခုလို ပစ်ခတ်လိုက်ခြင်း ဖြစ်နိုင်ကြောင်း သိရသည်။ အားရှဲန် 
No comments:
Post a Comment