မြန်မာတွေဟာ ၂ ယောက်ရှိရင် ၃ ဖွဲ့ကွဲတယ်လို့ ပြောလေ့ရှိကြတယ်။
ဒီအလေ့အထကြောင့် ၁၀ ယောက်ပေါင်းလုပ်ရင် ၅ ယောက်စာလောက်ပဲ အလုပ်ဖြစ်သတဲ့။ ဂျပန်တွေကတော့ ၁၀ ယောက်ပေါင်းရင် ၁၅ ယောက်စာဖြစ်တယ်လို့ ပြောကြတယ်။ ဘာကွာလဲ။ ဒါဟာ လူမျိုးစရိုက်လက္ခဏာလား။ လူဆိုတာ အတ္တကိုအခြေခံတာမို့ အတ္တအားကြီးတဲ့ အဖွဲ့အစည်း၊ အတ္တရှေ့တင်တဲ့ အသိုင်းအ၀ိုင်းမှာ ဒီလိုအကွဲအပြဲဆိုတာ ကမ္ဘာပေါ်မှာ ရှောင်လွတ်နိုင်စရာမရှိပါဘူး။ ပေါင်းစည်းပြီး အလုပ်ဖြစ်ဖို့ဆိုတာ ကိုယ့်အတ္တကို အနည်းနဲ့ အများ လျှော့ချပြီး အဖွဲ့အစည်းအကျိုးကို ရှေးရှူတတ်အောင် သင်ကြားလေ့ကျင့်နိုင်ဖို့လိုတယ်ဆိုတာ တွေ့ရပါတယ်။ မြန်မာပြည်မှာ အင်စတီကျုးရှင်း အားအကောင်းဆုံးလို့ ပြောကြတဲ့ စစ်တပ်နဲ့ သံဃာ အဖွဲ့အစည်းမှာ ဒါကို ထင်ထင်ရှားရှားမြင်နိုင်ပါတယ်။ သူတို့လည်း မြန်မာတွေပဲလေ။ မွေးလာကြတဲ့ ကလေးတွေဆိုတာ သူတို့ကိုယ်သူတို့ မြန်မာရယ်၊ ဂျပန်ရယ်၊ စစ်သားရယ်၊ ဘုန်းကြီးရယ်လို့ သိမှတ်နိုင်ကြသေးတာ မဟုတ်ပါဘူး။ လူ လို့တောင် သိကြသေးတာမဟုတ်။ ဒီကလေးတွေကို လေ့ကျင့်သင်ကြားပေးရမယ့် ကျောင်းတွေမှာ Team work အဖွဲ့အစည်းနဲ့ ပူးပေါင်းလုပ်ကိုင်တတ်အောင် သင်ပေးနိုင်စွမ်း မရှိတော့တာကို တွေ့ရပါတယ်။ မ ဆ လ ခေတ်ကလည်း ရှေ့ဆောင်လူငယ်၊ ကြက်ခြေနီ စတဲ့ အဖွဲ့တွေ ဖွဲ့ကြ၊ အခုလည်း ကင်းထောက်လူငယ်အဖွဲ့လို သမ္မတကိုယ်တိုင် ၀တ်စုံဝတ်ပြီး ကြွရောက်ချီးမြှင့်ကြပေမယ့် နိုင်ငံရေး ၀ါဒဖြန့်ရုံ ရည်ရွယ်တဲ့အဖွဲ့အစည်းတွေဟာ မူလဒေါက်တိုင်ဖြစ်တဲ့ Team work ဆီကို မရောက်နိုင်ခဲ့ကြပါဘူး။ ထင်းစည်းချိုးတဲ့ ရုပ်ထုကြီး လက်ညှိုးထိုးပြရုံနဲ့ Team work ဆိုတာကို နားလည်နိုင်တာမှ မဟုတ်တာပဲ။ တစ်ဦးချင်း တစ်ယောက်ချင်းရဲ့ ထူးချွန်မှုနဲ့ ကြက်တူရွေးစာအံတာကိုသာ အလေးထားတဲ့ပညာရေးဟာ ပေါင်းသင်းဆက်ဆံရေး၊ လူမှုရေးတွေကို တဖြည်းဖြည်းလျစ်လျူရှူသွားတာကိုသာ မြင်ရပါတယ်။ နိုင်ငံတကာအဆင့် အောင်မြင်နေတဲ့ ပညာရေးစနစ်တွေမှာ Team work ကို လုပ်ငန်းခွင်ထဲအထိ အလေးထားသင်ကြားပေးနေတာကို တွေ့ရပါတယ်။ ပညာရေးပြု ပြင်ပြောင်းလဲမယ်လို့ ပြောနေကြပေမယ့် သင်ရိုးတွေ၊ စကားလုံးတွေ ပြောင်းလိုက်ရုံနဲ့ အောင်မြင်မှာ မဟုတ်ပါဘူး။ ကိုယ့်လူမျိုးမှာ ရှိနေတဲ့ ချို့ယွင်းအားနည်းချက်ကို သေသေချာချာသိပြီး ဘယ်လိုပြောင်းလဲမယ်ဆိုတဲ့ နည်းစနစ်ပိုင်းကို အသေးစိတ် ဖော်ဆောင်နိုင်မှသာ ကျောင်း ဆိုတဲ့ နာမည်နဲ့လိုက်အောင် ထိန်းကျောင်းနိုင်ပါလိမ့်မယ်။ Thanda Win 
No comments:
Post a Comment