နာဂ နှင့် ရှမ်း
စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွင် ရှမ်း ၊ နာဂနှင့် ချင်းလူမျိုးစုတို့ ရှိကြသည်။ရှမ်းက အများစု။မြေပြန့်နေ၏ ။ နာဂနှင့်ချင်းကား အနည်းစု တောင်ပေါ်နေ၏။ နာဂတောင်တန်းတလျောက်တွင် နာဂတွေ အနေများ၏။ ချင်းတွင်း မြေပြန့် ဒေသတွင်ကား အနည်းငယ်မျှသာ။ နဂ္ဂမှ နာဂ ဟူ၍ ဖြစ်လာသည်ဟူ၏။နာဂတောင်တန်းနှင့်ဆက်စပ်နေသည့် အိန္ဒိယ ဘက်တွင်လည်း သူတို့ရှိကြသည်။နာဂလင်းပြည်နယ် ဟူ၍လည်း အိန္ဒယဘက်ရှိသည်။နှစ်နိုင်ငံလုံးတွင် လက်နက်ကိုင်အဖွဲ့များရှိကြ၏။အိန္ဒိယ ဘက်ကမ်းရှိ အဖွဲ့များက ငြိမ်းချမ်းရေးယူ ထားကြပြီ။ မြန်မာဘက် အဖွဲ့တွေလည်း အချို့ယူထားကြပြီ။ မကြာခဏဆိုသလို နာဂအဖွဲ့များက တောင်ပေါ်မှ ဆင်းလာ ဆင်းလာလျက် ရှမ်းရွာများကို ဆက်ကြေးတောင်း တတ်၏။ သူတို့နယ်မြေတွင် နေသောကြောင့် မြေခွန်ပေးရသည့်သဘောဟု ဆို၏။သူတို့ တောင်း၍ တောင်ပေါ်ပြန်တက် လျင် သက်ဆိုင်ရာ တာဝန်ရှိ အဖွဲ့များက တာဝန်ကျေ သွားတတ်၏။ ဘယ်သောခါမှ မကာကွယ်နိုင်။ ထိုအနေအထား အတိုင်း လည်ပတ်နေသည်မှာ ခုထိပင်။မကြာမှီ ၃ နှစ်ခန့်က နာဂ ရိုးရာယဉ်ကျေးမှု အဖွဲ့မှ ဟုမ္မလင်းခန္တီး ဖေါင်းပြင် စသော ဒေသတို့သည် သူတို့၏ မူလနေရာများဖြစ်ကြောင်း ၊စေတီပျက်တို့တွင် ပယင်းများတွေ့ရသဖြင့် ပယင်းသည် နာဂအသုံး အဆောင် ဖြစ်သောကြောင့် ၎င်းတို့တည်ထားသော စေတီများဖြစ်ကြောင်း ၊ ရှမ်းတွေရောက်လာသဖြင့် သူတို့တောင်ပေါ် တက်သွားခြင်းဖြစ်ကြောင်း စသည်ဖြင့် ရေးသားထားသော စာများထွက်ပေါ်ခဲ့သည်။ တော်တော်တော့ အဓိပ္ပါယ်မဲ့သည်။သူတို့ အဝတ်အစား ပြည့်ပြည့် စုံစုံဝတ်လာသည်မှာ မကြာသေး။ဘုရားတည် နိုင်လောက်သော ယဉ်ကျေးမှု အဆင့်မြင့်သူတို့က တောင်ပေါ်ပြန်တက်လျက် အဝတ်မဝတ်ဘဲ ပြန်နေသည် ဆိုသည့်အဓိပ္ပါယ် သက်ရောက်နေသည်။ ထိုပြင် ပယင်းသည် နာဂ အသုံးမျှသာမဟုတ်ဘဲ ရှေးခေတ်လူတို့ သုံးသည့် အသုံး ဖြစ်ကြောင်း သူတို့သတိမထားမိ။ ဗျူခေတ် ဟန်လင်းခေတ်တွင်လည်း တွင်ကျယ်စွာ သုံးလာသည့်အသုံးဖြစ်သည်။ မမူလောက်ထင်သဖြင့် ဘာမျှ မတုန့်ပြန်ခဲ့ကြ။ ခုတော့ ခန္တီးတွင် ကျင်းပသည့် နာဂအမျိုးသား ညီလာခံက ဟုမ္မလင်းခန္တီးဒေသကို နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဒေသအတွင်း သွင်းရန် နာဂပြည်သူများက တောင်းဆိုသည်ဟု သတင်းတွေတက်လာသည်။ အစည်းအဝေး ဆုံးဖြတ်ချက် များတွင်တော့ ထည့်သွင်းခြင်းမရှိဟူ၏။ မီဒီယာနည်းဖြင့် စိတ်ဓာတ်စစ်ဆင်ရေးသဘော၊ လူထု နည်းဖြင့် နိုင်ငံရေး ကစားကွက် အသာစီး ဖန်တီးခြင်းသဘောဖြစ်သည်။ရသည်ဖြစ်စေ မရသည်ဖြစ်စေ မတုန့်ပြန်လျင် စိတ်ဓာတ်ရေးရာ ၊ နိုင်ငံရေး လူမျိုးရေးကစားကွက်ရေးရာ၊ သမိုင်းမှတ်တမ်းရေးရာတို့၌ အရှုံးဘက်ရောက်တော့မည်။ထိုအနေအထားကို ရှမ်းများက ဒါမဖြစ်လောက်ပါဘူး ဟု နေလျင် ညံ့ရာကျတော့မည်။ ဆိတ်ဆိတ်နေခြင်းသည် သဘောတူခြင်း အဓိပ္ပါယ်ကို ဖေါ်ပြရာရောက်သည်။ထိုကြောင့် တန်ပြန် လှုပ်ရှားမှု ရှိကိုရှိရမည်။ ခက်တော့တော်တော်ခက်သည်။ လေရှီး လဟယ် နန်းယွင်း သုံးမြို့နယ်သည် နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်များဖြစ်၏။ ဟုမ္မလင်း ခန္တီး ဖေါင်းပြင် စသည်တို့ကား သူတို့နှင့် ဘာမျှ မဆိုင် ။ ရှမ်းနယ်များသာ ။ ခက်တော့ အတော်ခက်သည်။ ကိုယ်နှင့် မဆိုင်သော နယ်တို့ကို လိုချင်မှု ၊ လက်နက်မရှိကို အနိုင်ကျင့်လိုမှု စသည်တို့က တိုးတက်နေသောခေတ်ကို နောက်ပြန်ဆွဲနေ ၏။အချို့ ရှမ်းရွာများ နာဂကို ကြောက်ရသဖြင့် ဘာမျှ မဝေဖန်ရဲ။ မကန့်ကွက်ရဲပင် ရှိကြ၏။ ကြာတော့ ရှမ်းတို့ ရင်ထဲ နာဂကို မုန်းတီးစိတ်တို့ ကိန်းလာတော့သည်။ အနိုင်ကျင့် ခံရသည်ကိုး။ မြန်မာနိုင်ငံ ရှိ လူမျိုးစုများသည် တစ်မျိုးက တစ်မျိုးကို အားသာသည်နှင့် အနိုင်ကျင့်လိုစိတ် ရှိတတ်ကြသည် ။ အနိုင်ကျင့် ခံရသူတို့က လည်း တွန်းလှန်တုန့်ပြန်ရင်း လူမျိုးစုတွင်း ပြဿနာ ၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြဿနာ များ ဖြေရှင်း၍ မဆုံးနိုင်အောင်ပင် ပတ်ခြာရမ်းနေသည်။ မြန်မာနိုင်ငံ၏ အဓိကပြဿနာ များတွင် ထိုပြဿနာသည် ထိပ်တန်းက ပါနေသည်။(အခြားပြဿနာက ယဉ်ကျေးမှု ပြဿနာ )။ ဟုမ္မလင်း ခန္တီးစသော စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသည်တို့သည် ရှမ်းတို့နယ်။စော်ဘွားတွေ အုပ်ချူပ်သည်။ အင်္ဂလိပ်လက်ထက် နယ်ခွဲတော့ ရှမ်းပြည်နယ်။လွတ်လပ်ရေး ရပြီးနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း သွတ်သွင်းခဲ့ကြသည်။ ယခုခေတ် လူငယ်တို့သည် ထိုဒေသတို့ ရှမ်းပြည်နယ် ဖြစ်ခဲ့ကြောင်းပင် မေ့နေကြပြီ။ (ပင်လုံစာချုပ်နှင့် ဆက်စပ်လျက် နယ်မြေ ခွဲစိပ်ရေး ၊ လူမျိုးခွဲစိပ်ရေး ဗျူဟာတို့သည် စိတ်ဝင်စားဖွယ်ကောင်း၏။) ခုတော့ နာဂတို့က သူတို့နယ်ထဲထည့်ဖို့ ခြေလှမ်းပြင်လာပြီ။ သူတို့တောင်းဆိုသလို ဖြစ်ရန် အလှမ်းဝေးလှ သော်လည်း စည်းလုံး ညီညွတ်ခြင်းကို ပြိုကွဲစေနိုင်သည့် တောင်းဆိုချက်များဖြစ်သဖြင့် လုံးဝလက်မခံရ။နောင်ထိုသို့သော တောင်းဆိုချက်များ ထပ်ဖြစ်မလာရန် ရှမ်းလူထုများက သတိပေးရမည်။တာဝန်ရှိသူတို့ကလည်း ရှမ်းနှင့် နာဂတို့ စည်းလုံးမှု ကိုလိုလားလျှင် ထိုတောင်းဆိုချက်များအကြောင်းကို မသင့်ကြောင်း နာဂတို့ကို အသိပေးရမည်။ ရှက်ဖွယ်တော့ ကောင်းသည်။ မိမိတို့ တိုင်းရင်းသား ညီအကိုမောင်နှမများသည် အချင်းချင်း နယ်မြေကိစ္စကို အကြောင်းပြု၍ မညီမညွတ် တွန်းကြတိုက်ကြ နှင့် ဖြစ်နေကြခြင်းသည် တော်တော် ရှက်ဖို့ကောင်းလှပါ၏။သို့သော် သူတပါးက အိုးပဲ့ ဆိုလာလျင် သူနှင့်တန်သော စလောင်းရွဲ့ပြန်ဖုံးမှ အဆင်ပြေတတ်၏။ ထိုအိုးပဲ့ စလောင်းရွဲ့ သံသရာက ဘယ်တော့များမှ လွတ်မည်တော့မသိ။ လွတ်ချင်ပါပြီ။ခုခေတ်တွင် မရှိသင့်တော့ပါ။ နာဂအမျိုးသားများကို အသိပေးလိုပါ၏။ သင်တို့သည် ငါတို့ရှမ်းများနှင့် မိတ်ဆွေအဖြစ် ဆက်ဆံလိုလျင် မသင့်တော်သော တောင်းဆိုချက်များ လက်နက်အားကို ဆက်ကြေးတောင်းမှု များကို ရပ်တန့်စေလိုသည်။ သို့မဟုတ်က မုန်းတီးမှုများ တုန့်ပြန်မှုများ ဖြစ်ပေါ်လျက် နှစ်ဖက်လုံး အကျိုးဆုတ်ယုတ်နိုင်ပါသည်။ ငါတို့သည် သင်တို့ကို ညီအကိုအရင်းကဲ့ သို့ သဘောထားလိုပါ၏။ ချစ်ခင်သော မျက်လုံးများဖြင့် သာ ကြည့်ရှုလိုပါ၏။ငါတို့အားသည် သင်တို့အားဖြစ်။ သင်တို့အားသည်လည်း ငါတို့၏ အားဖြစ်လျက် တိုးတက်ကြီးပွား ကြောင်းကို ဆောင်ရွက်လိုပါ၏။ သို့သော် မတရားသော တောင်းဆိုချက်များ ၊ လက်နက်ပြလျက် ဆက်ကြေးတောင်းမှုများကြား တွင် ချစ်ခင်သော မျက်လုံးတို့ဖြင့် ကြည့်ရှုရန်မလွယ်။ညီအကို အရင်းကဲ့သို့ သဘောထားရန် မလွယ်ကြောင်းကိုတော့ သင်တို့နားလည် စေချင်သည်။ တိုင်းရင်းသားအချင်းချင်း ရန်သူကဲ့သို့ သဘောထားခြင်း၊ အနိုင်ကျင့်ခြင်းဟူသော လမ်းဆိုး လမ်းညစ်ကို ရှောင်ရှားလျက် ချစ်ခင်ညီညွတ်ခြင်းဟူသော လမ်းကောင်း လမ်းသစ်ကိုဖောက်ကြကုန်စို့။ လျောက်ကြကုန်စို့။ Credit #Wana Warthi
No comments:
Post a Comment