သမ္မတကြီး သို့..ပေးစာ
သမ္မတကြီးခင်ဗျာ... မြန်မာဆိုရိုးမှာ အနာသိရင် ဆေးရှိတယ်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ဒီစကားဟာ ခေတ်ကာလအပိုင်းအခြား တော်တော်များများမှာ မှန်ကောင်းမှန်ခဲ့ပါလိမ့်မယ်။ ဒါပေမယ့် ဒီဘက်ခေတ်တွေမှာတော့ အနာသိပေမယ့် ဆေးမရှိတဲ့ ရောဂါတွေ အများကြီးရှိနေ ပါပြီ။ကျွန်တော်တို့ ပြည်တွင်းငြိမ်းချမ်းရေးဆိုတာကြီးဟာလည်း ဒီသဘောပါပဲ။နှစ်ပေါင်း၇၀နီးပါး လှိုက်စားလာလို့အနာမှန်းတော့ သိကြပါရဲ့။ဒီနေ့အထိတော့ ဆေးမရှိပါ။ရရာ ဆေးမြီးတိုတွေနဲ့ ကုသနေပေမယ့် တစ်နေ့ရွှေတစ်နေ့ငွေ ဖြစ်လို့နေပါတယ်။ အရင်တပ်မတော်အစိုးရလက်ထက်မှာရောသမ္မတကြီးတို့အစိုးရသက်တမ်းကာလမှာပါတိုင်းပြည်ကို နစ်မွန်းစေတဲ့ ပြည်တွင်းစစ်ကိုအပြီးတိုင်ရပ်စဲနိုင်ဖို့အစွမ်းကုန်ကြိုးစားခဲ့ကြတယ်၊အစွမ်းကုန်ကြိုးစားနေဆဲဖြစ် တယ်ဆိုတာကိုတော့ ယုံမှားသံသယမရှိပါဘူး။ ခေတ်အဆက်ဆက်အစိုးရတိုင်းဟာ ငြိမ်းချမ်းရေးကိုအဖြေရှာဖို့ ဆီမန်းမန်းသလိုလည်း မန်းခဲ့ပြီးပါပြီ။ဆေးဝါး ဓာတ်စာတွေနဲ့ လည်း ကုခဲ့ပြီးပါပြီ။အသေးစားခွဲစိတ်မှုတွေနဲ့လည်းကုခဲ့ဖူးပါပြီ။သို့သော်ယနေ့အထိ ရောဂါအရှင်း မပျောက်ကင်းနိုင်ပါဘူး။ သမ္မတကြီးတို့အနေနဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ အောင်မြင်သင့်သလောက် အောင်မြင်ခဲ့ပေမယ့် ရှေ့မတိုးသာ နောက်မဆုတ်သာဖြစ်နေတဲ့ အခက်အခဲတွေလည်း အများကြီးရှိနေတာကိုတော့ လက်ခံရမှာပဲဖြစ်ပါတယ်။ ဘာကြောင့် လမ်းကြောင်းဖြောင့်ဖြူးရခြင်း မရှိတာလဲဆိုတဲ့အပိုင်းကိုတော့ နိုင်ငံအုပ်ချုပ် မင်းလုပ်နေသူတစ်ဦးအနေနဲ့ရော၊တပ်မတော်ဗိုလ်ချုပ်ကြီးဟောင်းတစ်ဦးအနေနဲ့ပါမသုံးသပ်နိုင်စရာ လုံးဝ (လုံးဝ)မရှိဘူးဆိုတာကျွန်တော်တို့ ဥာဏ်တစ်ထွာတစ်မိုက်နဲ့ သိရှိယုံကြည်ပြီးသားပါ ခင်ဗျာ။ ဘယ်အနာဆိုတာကိုလည်းသိ၊ဘာဆေးနဲ့ ကုရမယ်ဆိုတာကိုလည်းသိလို့ အစိုးရနဲ့ တပ်မတော်အပိုင်းက အကြိမ်ကြိမ်လိုက်လျောညှိနှိုင်းပြီး အဆုံးတိုင်သည်းခံနေတဲ့ အပိုင်းမှာ အစိုးရတပ်တွေနဲ့ သံမဏိသက်ရှည်ကြာစွာ တိုက်လာတဲ့ KNUလိုအဖွဲ့မျိုး ကတော့ စိတ်သဘောရိုးဖြောင့်စွာ လိုက်ပါဆောင်ရွက်လာတာကိုလည်း ၀မ်းမြောက်ဖွယ်တွေ့ရပါတယ်။ဒါပေမယ့် KIAလို အဖွဲ့စည်းမျိုးကတော့ ယနေ့တိုင် အပစ်ခတ်မရပ်စဲနိုင်တဲ့အပြင်အပစ်ခတ်ရပ်စဲထားတဲ့ အဖွဲ့အစည်းတွေကိုပါ သူခိုးသေဖော်ညှိပြီး တပ်မတော်နဲ့အပြိုင် ဖက်ဒရယ်တပ်ပေါင်းစု တစ်ခုကို ထူထောင်ခဲ့ပါတယ်။ဒါတင်မကပဲ ဒီတပ်ပေါင်းစုကို အသက်သွင်းတဲ့အနေနဲ့ သာမန်လှုပ်ရှားသွားလာနေတဲ့ စစ်ကြောင်းတွေကို သာလွန်အင်အားကြီးမားစွာနဲ့ သွေးတိုးစမ်း တိုက်ခိုက်လာပါတယ်။ဒါဟာ ပုံမှန်ထိတွေ့ပစ်ခတ်မှုဖြစ်စဉ်မျိုး မဟုတ်တော့ဘဲ ရည်ရွယ်ချက်ရှိရှိ စစ်ရေးသိက္ခာချဖို့ ကြိုးစားလာတာဖြစ်သလို ငြိမ်းချမ်းရေးတည်ဆောက်ဆဲကာလမှာ အစိုးရကို စစ်ကြေညာ တာလို့ မှတ်ယူရမှာ ဖြစ်ပါတယ်။နောက်ကွယ်မှာ ဘယ်သူတွေရဲ့ သွေးထိုးမြှောက်ပင့်မှုတွေ ရှိနိုင်သလဲဆိုတာ မသိနိုင်ပေမယ့် ဒီလုပ်ရပ်ဟာ အစိုးရကိုရော တပ်မတော်အပေါ်ကိုပါ နားရွက်တံတွေး ဆွတ်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ သမ္မတကြီးခင်ဗျာ... သမ္မတကြီးတွက် အားလုံးဟာ သားသမီးဆိုပေမယ့် ကိုယ့်အိမ်ကို မီးနဲ့မြှိုက်နေတဲ့ သားဆိုးသားမိုက်မျိုးကို၊မိဘလည်ပင်း ဓားနဲ့စဉ်းချင်တဲ့ သားဆိုးသားမိုက်မျိုးကို ဘယ်ထိ နားလည်သဘောထားကြီးနေမှာလဲဆိုတာ တပ်မတော်သားတွေနဲ့ တပ်မတော်ကိုချစ်တဲ့ ပြည်သူများ က မေးခွန်းတွေထုတ်လာကြပါပြီ။ခုခံမှုမှအပ ထိုးစစ်မဆင်ရဆိုတဲ့အမိန့်အောက်အကြိမ်ကြိမ်ဒုက္ခ ရောက်နေရတာကိုလည်း မချိတင်ကဲ ၀မ်းနည်းနေကြပါပြီ။ဆန်ရင်းမို့ နာနာဖွပ်လေရော့သလားလို့လည်း နာကျင်ကြေကွဲနေကြပါပြီ။ စစ်တပ်မှာ ဟာသအနေနဲ့ ပြောကြတာလေး ရှိပါတယ်။ တန်းစီတဲ့သူ ပါးရိုက်ခံရသတဲ့။ တန်းမစီတဲ့သူကတော့ အညောင်းလည်း မမိ သလို ပါးရိုက်ခံရတဲ့ဘေးနဲ့ ဆဲဆိုကြိမ်းမောင်းမှုဒဏ်ကလည်း လွတ်ကင်းရသေးဆိုတာ မျိုးလို အမိန့်အတိုင်းတိကျစွာ လိုက်နာနေရတဲ့ တပ်မတော်သားတွေ တဖွဲဖွဲလွင့်ကြွေနေပါပြီ။ဒီအချိန်မှာ ဘာစည်း၊ဘာကမ်း၊ဘာကလနားမှ မရှိတဲ့ လက်နက်ကိုင်တွေကတော့ ရှေ့မှာငြင်းချက်ထုတ် နောက်ကွယ်မှာ လုပ်ချင်ရာလုပ်ဆိုသလို ငြိမ်းချမ်းရေး ဗန်းပြပြီး ထင်ရာစိုင်းနေတာဟာ သူပုန်ကို အစားကျွေး အနားပေး အားမွေးခိုင်းသလို ဖြစ်မနေဖူးလား ခင်ဗျာ။ UNFC/NCCTစတာတွေနဲ့ စိတ်ကြိုက်ဖွဲ့ပြီးစိတ်ထင်တိုင်းကျဲနေတာကို ဒီတိုင်းလက်ပိုက်ကြည့် နေမယ်ဆိုရင်တော့ အပ်နဲ့ထွင်းရမယ့်အနာ ပုဆိန်နဲ့ထွင်းရမှ နောင်တရ ရပါလိမ့်မယ်။ KIAနဲ့အပေါင်းအပါတွေဟာငြိမ်းချမ်းရေကို တကယ်မလိုလားဘူးဆိုတာ ကျွန်နော်တို့သာမန်ပြည်သူ တွေတောင် သုံးသပ်လာကြတဲ့အချိန်ခါမှာ သမ္မတကြီး အမှူးရှိတဲ့ MPCအနေနဲ့ သမားရိုးကျ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ပြန်လည်သုံးသပ်ဖို့လိုလာပါပြီ။သမ္မတကြီးမိန့်ကြားခဲ့ တဲ့စကားလို လက်တွဲခေါ်မရတဲ့ သူတွေကို လက်တွဲဖြုတ်ချဖို့ လိုလာပါပြီ။ သမ္မတကြီးခင်ဗျား ဆီမန်းလည်း မန်းလို့ပြီးပါပြီ။ ဆေးဝါးလည် တိုက်ကျွေးပြီးပါးပြီ။ ထိုးဆေးလည်း ထိုးခဲ့ပြီးပါပြီ။ အသေးစားခွဲစိတ်မှုလည်း လုပ်ခဲ့ပြီးပါပြီ။ နောက်ဆုံးကျန်တဲ့နည်းကတော့ အကြီးစား ခွဲစိတ်မှုပါပဲ။ဒီလိုခွဲစိတ်တာဟာ လူနာကို နာကောင်းနာစေမှာ မှန်ပေမယ့် နာကျင်မှုက လွန်မြောက်ရင် ရောဂါကင်းပျောက်စေမှာတော့ အမှန်ပဲဖြစ်ပါတယ်။ သမားနေရာရောက်တဲ့ သမ္မတကြီးအနေနဲ့ နာကျင်စေလိုတဲ့ ဆန္ဒမရှိပေမယ့် မလွှဲမရှောင်သာ ခွဲစိတ်ဖို့ရာ အချိန်သင့်ရုံမက အချိန်လွန်မြောက်လှပါပြီ။ ဘယ်နည်းဘယ်ပုံ ခွဲစိတ်မယ်ဆိုတာတော့ သမားတော်ရဲ့ အဆုံးအဖြတ်ပါပဲ။ လေးစားလျက် — အောင်ဇေ
No comments:
Post a Comment