Saturday, December 20, 2014

ထိုးကျွေးခံ ထင်လင်းဦးနဲ့ ပါတီခေါင်းရှောင် ဒေါ်အောင်ဆန်းစုကြည် ============================================ လူထုပါတီ၊ လူထုကို ကာကွယ်မယ့်ပါတီလို့ ကြွေးကြော်ရပ်တည်ခဲ့တဲ့ NLD ပါတီဟာ လူထုကိုမပြောနဲ့ မိမိပါတီက ပြန်ကြားရေးကော်မတီဝင် ထိပ်တန်းအရာရှိတစ်ဦးကိုတောင် ကာကွယ်နိုင်စွမ်းမရှိခြင်း၊ လူထုရှေ့မှ ရပ်တည်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဆိုသူက လူထုရှေ့မပြောနဲ့ ပါတီဝင်ရှေ့ထွက်ပြီး ရဲရဲဝံ့ဝံ့မကာကွယ်နိုင်ခဲ့ခြင်းတွေဟာ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဦးဆောင်မှုကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ တရားလက်လွှတ်စကားတွေကို အာဏာရပါတီဖက်ကရော၊ အစိုးရဖက်ကရော အကြိမ်ကြိမ် ပြောဆို ခဲ့တာတွေကို စာမျက်နှာပေါင်းများစွာက အကြိမ်ကြိမ်ဖော်ပြခဲ့ဖူးပါတယ်။ ဒါပေမယ့် ပါတီကသော်လည်းကောင်း၊ အစိုးရဖက်ကသော်လည်းကောင်း အဖွဲ့ဝင်အဖြစ်မှထုတ်ပယ်ခြင်းမျိုး၊ အဖွဲ့နဲ့မသက်ဆိုင်ခြင်းမျိုး လုံးဝမပြုလုပ်ခဲ့ ကြပါဘူး။ ထင်လင်းဦးကိစ္စ အင်န်အယ်လ်ဒီရဲ့ကိုင်တွယ်ပုံဟာ ပါတီမျက်နှာမပျက်ဖို့၊ ပါတီခေါင်းဆောင်ရဲ့ Image မထိခိုက်ဖို့ကို ဦးစားပေးထားပြီး ပါတီဝင်တစ်ဦးအတွက် ပါတီကတာဝန်ယူဖို့နဲ့ ပါတီဝင်တစ်ဦးကို ကာကွယ်ပေးဖို့ ကိစ္စတွေကို ဘေးချိတ်ထားခဲ့ပါတယ်။ ဘုရား၊ တရားနဲ့ သံဃာကို စော်ကားတဲ့အတွက် ထင်လင်းဦးကို ပါတီမှ ထုတ်ခြင်းကြောင့် နိုင်ငံရေးအရ၊ ဘာသာရေးအရ စည်းရုံးရေးအရ အောင်မြင်သွားမယ်လို့ NLD ဗဟိုကော်မတီ ဝင်များက ယူဆကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဦးထင်လင်းဦးပြောတာ သူနဲ့ပဲဆိုင်တယ် ပါတီနဲ့ မဆိုင်ဘူးလို့ ဥက္ကဌတစ်ယောက်ဖြစ်ပါလျှက် မရှက်မကြောက် ပြောဆိုသွားပါတယ်။ တကယ်တော့ ဦးထင်လင်းဦးဟာ ထိုးကြွေးခံလိုက်ရပြီး တစ်သက်တာ နာမည်သေသွားတော့မယ့် ပါတီဝင်တစ်ဦး ဖြစ်သွား ပါတယ်။ ပါတီဥက္ကဌနဲ့ ပါတီစည်းရုံးရေးကို ထိခိုက်မှာစိုးလို့ အထုတ်ခံရသူအရေအတွက် ဘယ်လောက်များ နေပြီလဲဆိုတာ သံသယဖြစ်စရာပါ။ တစ်ဖက်မှာ ပါတီဝင်တွေ အတင်းအဓမ္မစုဆောင်းနေပြီး တစ်ဖက်ကတော့ ပါတီဝင်များအပေါ် တာဝန်ခံပေးခြင်း၊ အကာအကွယ်ပေးခြင်းမရှိတဲ့ ပါတီတစ်ခုဟာ မတော်တဆ အာဏာ ရသွားရင် ပြည်သူလူထုရဲ့ ပြဿနာမှန်သမျှ ခေါင်းရှောင်တာမျိုး၊ အာဏာမြဲရေးအတွက် တစ်ယောက်ပြီး တစ်ယောက် ထိုးကြွေးတာမျိုးတွေ လုပ်လာနိုင်ပါတယ်။ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုလုံးဝမရှိဘဲ ၎င်းတို့ Image မထိခိုက်ဖို့အတွက် ပါတီဝင်များအပေါ် မြေနိမ့်ရာလှံစိုက်လုပ်ခြင်းကို ဦးထင်လင်းဦး ဖြစ်စဉ်ဟာ သံဝေဂယူဖို့ အကောင်းဆုံးဖြစ်စဉ်ဖြစ်ပြီး NLD ပါတီထဲကိုဝင်ဖို့ စဉ်းစားနေသူများ၊ NLD ပါတီကို အာဏာရဖို့ မဲပေးလိုသူများအတွက် စဉ်းစားဆင်ခြင် သင်ခန်းစာယူဖို့ သာဓကတစ်ခုပါ။ ၀င်းနိုင်

No comments:

Post a Comment