Thursday, December 4, 2014
၆ ပွင့်ဆိုင် ငြင်းဆိုသော သမ္မတ၏သဘောထား မှန်၊ မမှန် – သဘောထားအမြင်
**** သမ္မတကိုယ်၌ရော၊ အစိုးရအဖွဲ့ဝင် အတော်များများကရော အရင် စစ်အာဏာရှင်ဟောင်းကြီးကို သွားရောက် တွေ့ဆုံ သြ၀ါဒနာခံ နေရ ဆဲဆိုတော့ အခုပြောတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေးဟာ မလုံလောက်ဘူး လို့ ပြောဆိုချက် ဟာလည်း သမ္မတရဲ့ စိတ်ပိုင်းဖြတ်ချက် ဟုတ်ချင်မှ ဟုတ်ပါလိမ့် မယ် … ****
**** အရေးကြီးတာက ကျွန်တော်တို့ အခုထက်ထိ မှားနေတာက လူပုဂ္ဂိုလ်အပေါ်မှာ ကျွန်တော်တို့ မူတည်နေတာ။ Who ဆိုတာ မဟုတ်ဘဲနဲ့ What ဆိုတဲ့ ဟာပေါ့နော်။ ဘာအကြောင်း အရာ ဆွေးနွေးကြမလဲ၊ အဲဒီအပေါ်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ပါရ မယ်လေ။ လူပုဂ္ဂိုလ် အနေနဲ့ ကျွန်တော်တို့ မရွေးရဘူး။ လူပုဂ္ဂိုလ် ရွေးလိုက်လို့ရှိရင် အကြောင်း အရာတွေက မှေးမှိန်သွားတယ် … ****
**** ဒေါ်အောင်ဆန်းစုကြည်က အရင်တုန်းက ၄ ပွင့်ဆိုင် တွေ့ဆုံရေး တောင်း ဆိုတဲ့အခါမှာ သမ္မတ အနေနဲ့ အဲဒီလို ပြောချင်လည်း ပြောနိုင်တယ်။ လူပုဂ္ဂိုလ်အရ တောင်းတယ် လို့ ပြောချင် လည်း ပြောနိုင်တယ်။ ဒါ လူပုဂ္ဂိုလ်ရေး ပြဿနာ မဟုတ်ဘူး။ နိုင်ငံရဲ့ အနာဂတ်မှာ အလွန်အရေး ကြီးတဲ့ ပြဿနာ … ****
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သမ္မတ၊ လွှတ်တော်ဥက္ကဋ္ဌနှစ်ဦး၊ ကာကွယ်ရေးဦးစီးချုပ်၊ ဒေါ်အောင်ဆန်း စုကြည်နှင့် တိုင်းရင်းသား ကိုယ်စားလှယ် တစ်ဦးပါဝင်မည့် ၆ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး စောလျင်စွာ ပြုလုပ်ရန် အရေးကြီးအဆိုအဖြစ် တိုက်တွန်းခြင်း ကို နိုဝင်ဘာ ၂၅ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က အတည်ပြုခဲ့သော်လည်း ယင်း တွေ့ဆုံမှုမှာ အဖွဲ့အစည်းကို ကိုယ်စားမပြုဘဲ လူပုဂ္ဂိုလ်ကိုသာ ဦးတည်ဖိတ်ကြားမှု ဖြစ်သည့်အတွက် သမ္မတ အနေဖြင့် လတ်တလောတွင် တွေ့ဆုံမည် မဟုတ်ကြောင်း သမ္မတ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က မီဒီယာ များသို့ ပြောကြားခဲ့သည်။
ထို့ပြင် ယခင်ပြုလုပ်ခဲ့သည့် နိုင်ငံရေးအစုအဖွဲ့ ၅ ဖွဲ့ တွေ့ဆုံမှုမှာလည်း ၆ ပွင့်ဆိုင် တောင်းဆိုမှုကြောင့် နှေးကွေး သွားပြီဖြစ်ကြောင်းလည်း ဦးရဲထွဋ်က ပြောကြားသည်။ ထိုသို့ ငြင်းဆို ပြောကြားလိုက်မှုမှာ ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုထားသည့် အဆိုအား သမ္မတထံ တရားဝင် အကြောင်းကြားစာ ပေးပို့ခြင်း မပြုရသေးမီ ကြိုတင်ငြင်းပယ် လိုက်ခြင်းလည်း ဖြစ်သည်။
သမ္မတ၏ ငြင်းပယ်မှုမှာ ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးတွင် ပါဝင်မည့် ပုဂ္ဂိုလ်များ၏ နောက်ခံ အဖွဲ့အစည်းများကို ထည့်သွင်း စဉ်းစားခြင်းမရှိဘဲ ငြင်းဆိုလိုက်ခြင်း ဖြစ်သည်ဟု နိုင်ငံရေး အဖွဲ့အစည်းများက ဝေဖန်လျက်ရှိပြီး သမ္မတ၏ သဘောထား မှန်၊ မမှန်ကိုလည်း မေးခွန်းထုတ်လျက်ရှိသည်။ ထိုသို့ ဝေဖန် မေးခွန်းထုတ်နေမှု များနှင့် ပတ်သက်၍ သက်ဆိုင်ရာ နယ်ပယ်အသီးသီးမှ ပုဂ္ဂိုလ်များ၏ သဘောထား အမြင်များကို စုစည်း၍ မြန်မာ သံတော်ဆင့်မှ ဖော်ပြလိုက်ပါသည်။
ရှိန်းဝေနောင်
● ဦးအေးသာအောင် (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ ရခိုင်အမျိုးသားပါတီ)
လက်ရှိမြန်မာနိုင်ငံရေး အကြပ်အတည်းမှာ အဓိကကျတဲ့ အဖွဲ့ အစည်း ခေါင်းဆောင်များ၊ အဓိကကျတဲ့ ပုဂ္ဂိုလ်များ၊ ဆွေးနွေး ညှိနှိုင်းပြီးတော့ နိုင်ငံရေး အကြပ်အတည်း၊ နိုင်ငံရေး အကြပ်အတည်း ဆိုတဲ့နေရာမှာ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး၊ ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးအပါအ၀င် လက်ရှိနိုင်ငံရေး အကြပ် အတည်း ကို ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ ဒီပုဂ္ဂိုလ်တွေ၊ ခေါင်းဆောင်တွေ ဆွေးနွေးကြ မယ်ဆိုရင် ပြည်သူ များအနေနဲ့ ကြိုဆိုပါတယ်။ အဲဒီမှာ ကျွန်တော်ပြောချင်တဲ့ အချက်တစ်ချက်က ဒီလိုတွေ့ဆုံပွဲတွေဟာ လက်ရှိ နိုင်ငံရေး အကြပ်အတည်းကို ဖြေရှင်းဖို့ ဆွေးနွေးညှိနှိုင်းတဲ့ ဆွေးနွေးပွဲမျိုး ဖြစ်သင့်တယ်။ ပြီးတော့ ဆွေးနွေးတဲ့ နေရာမှာလည်းပဲ သဘောတူ ဆုံးဖြတ်ချက်တွေ ပြန်ပြီးတော့ ဘယ်လို အကောင် အထည် ဖော်မလဲဆိုတဲ့ နည်းနာတွေကိုပါ ရအောင်ဆွေးနွေးသင့်တယ်။ ဒီလိုမဟုတ်ဘဲနဲ့ ဒါဘယ်အဖွဲ့အစည်းက ဘယ်ပုဂ္ဂိုလ်တွေ ပါတယ်၊ ဘယ်သူတွေ ပါတယ်။ ဒီလိုတွေ တွေ့ကြမယ်။ ဆုံကြမယ်။ စကားပြောကြမယ်။ ဘာမှလက်ရှိ နိုင်ငံရေး အခြေအနေကို၊ အကြပ်အတည်းကို ဖြေရှင်းနိုင်တဲ့ ဆုံးဖြတ်ချက်တွေ၊ ရလဒ်တွေ မထွက်လာဘူး ဆိုရင်တော့ ၆ ပွင့်ဆိုင်ပဲဖြစ်ဖြစ်၊ ဘယ်နှပွင့်ဆိုင်ပဲဖြစ်ဖြစ် တွေ့ဆုံတာက အကျိုးမရှိနိုင်ဘူး။ ပြီးခဲ့တဲ့ ၁၄ ဦး တွေ့တဲ့ပွဲမျိုးလို တွေ့ဆုံပွဲမျိုးကလည်း မဖြစ်သင့်ဘူး။ ကိုယ့်အကြောင်း၊ ကိုယ့်အဖွဲ့အစည်း အကြောင်းတွေ ပြောပြီးတော့ ဘာမှ လက်ရှိနိုင်ငံရေး အကြပ်အတည်းကို ဆွေးနွေးပြီးတော့ သဘောတူချက် ရလဒ် တစ်စုံတစ်ရာ ရတာမျိုးမရှိတဲ့ ဆွေးနွေးမှုမျိုးကတော့ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲမျိုး မဟုတ်ဘူးလို့ ပြောချင်တယ်။
● ဦးပီတာလင်းပင် (၁၉၉၀ ရွေးကောက်ခံကိုယ်စားလှယ်)
ဖြစ်ပေါ်နေတဲ့ အခြေအနေမှာ သမ္မတက (၁၄)ပွင့် လုပ်တယ်ဗျာ။ (၁၄)ပွင့် လုပ်တာလဲ ပီပီပြင်ပြင်မရှိ ဘူးပေါ့ဗျာ။ တစ်ယောက်ကို ဆယ်မိနစ်လောက်ပဲ ပြောပြီး လုပ်လိုက်တယ်။ နောက်တစ်ခုက ၆ပွင့်ဆိုင် ကျပြန် တော့လည်း လွှတ်တော်က လုပ်ပြန်တယ်ဗျာ။ လွှတ်တော်က လုပ်တဲ့ အခါကျတော့လည်း သူတို့က ရွေးချယ်တဲ့ အခါမှာတော့ တိုင်းရင်းသားတွေနဲ့ ပတ်သက်တဲ့ ကိစ္စမှာကတော့ ရခိုင်ဘက်က ခေါင်းဆောင်ပါတယ်။ NLD ရဲ့ ခေါင်းဆောင်တွေ ပါတယ်ပေါ့။ ကျွန်တော်တို့အမြင် ပြောရရင်တော့ လက်ရှိ အနေအထားနဲ့ ဆိုရင်တော့ ၆ ပွင့်ဆိုင်တို့၊ (၁၄) ပွင့်တို့ဆိုတာထက် အစိုးရ အပါအ၀င် တိုင်းရင်းသား လူမျိုးစုတွေရယ်၊ ဒီမိုကရေစီ အင်အားစု တွေကို ကိုယ်စားပြုတဲ့ လူတွေပါတဲ့ ဆွေးနွေးပွဲကိုတော့ ဖြစ်စေချင်တယ်ခင်ဗျ။ ဒီနေ့ ဒီဆွေးနွေးပွဲတွေကို အရေအတွက် သတ်မှတ်ပြီးတော့ လုပ်နေတဲ့အခါမှာ ပါတဲ့လူကပါ၊ မပါတဲ့လူက မပါပေါ့နော်။ အဲဒါမျိုးကျတော့ ဒီတွေ့ဆုံဆွေးနွေးပွဲရဲ့ ထွက်ပေါ်လာမယ့် အဖြေက ပြီးပြည့်စုံမယ်လို့ မမြင်ဘူးပေါ့။ အမှန်တကယ် လုပ်သင့် တာကတော့ အစိုးရရယ်၊ တိုင်းရင်းသား လူမျိုးစု ကိုယ်စားလှယ်တွေရယ်၊ ဒီမိုကရေစီ အင်အားစုရဲ့ကိုယ်စား လှယ်တွေ ပါဝင်ပြီးတော့မှ အမှန်တကယ်ကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်ပြီး တရားမျှတတဲ့ ဆွေးနွေးပွဲ မျိုးကို ဖြစ်စေချင်ပါတယ်။
● ဦးဇိုဇမ် (ဥက္ကဋ္ဌ၊ ချင်းအမျိုးသား ဒီမိုကရက်တစ်ပါတီ)
သမ္မတကတော့ သူ့ရဲ့အမြင်ပေါ့ဗျာ။ နောက်ပြီးတော့ သူ့ရဲ့ပြောပိုင်ခွင့်ပေါ့။ အဲဒီ အခြေအနေပေါ်မှာ သူပြောတယ်ဆိုတော့ သူမှားတယ်၊ မှန်တယ် မပြောလိုပါဘူး။ ဒါပေမဲ့ အရေးကြီးတာက ဆွေးနွေးပွဲဆိုတာ ရှိသင့်တယ်။ ကျွန်တော်တို့ရဲ့ တိုင်းပြည်က တစ်ယောက်နဲ့ တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ဆွေးကို ဆွေးနွေးရမှာ။ အရေးကြီးတာက ကျွန်တော်တို့ အခုထပ်ထိ မှားနေတာက လူပုဂ္ဂိုလ်အပေါ်မှာ ကျွန်တော်တို့ မူတည်နေတာ။ Who ဆိုတာ မဟုတ်ဘဲနဲ့ What ဆိုတဲ့ဟာပေါ့နော်။ ဘာအကြောင်းအရာ ဆွေးနွေးကြမလဲ၊ အဲဒီအပေါ်မှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့ ပုဂ္ဂိုလ်တွေကတော့ ပါရမယ်လေ။ လူပုဂ္ဂိုလ် အနေနဲ့ ကျွန်တော်တို့ မရွေးရဘူး။ လူပုဂ္ဂိုလ် ရွေးလိုက် လို့ရှိရင် အကြောင်းအရာတွေက မှေးမှိန်သွားတယ်။ အဲဒါကြောင့် ဘာ Topic ၊ ဘာအာဂျင်ဒါကို ဆွေးနွေးမလဲ။ အဲဒီအပေါ် မူတည်ပြီးတော့မှ လူလိုက်ပြီးမှ လိုအပ်သလောက် ရှာရမှာပါ။ ဒါကတော့ လေးပွင့်ရယ်လို့ ငါးပွင့်ရယ်လို့ မဟုတ်ဘူး။ ကျွန်တော်ဆိုလိုတာက လိုအပ်လို့ရှိရင် ဆယ်ပွင့်၊ ၁၅ပွင့်၊ အပွင့် ၂၀ တောင်မှ ကျွန်တော်တို့ ဆွေးနွေးကြမယ်။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းအရာပေါ်မှာ အဓိက ထားရမှာ ဖြစ်တယ်။ လူကြီးတွေ ကိုယ်၌ကလည်း အကြောင်းအရာကို နောက်ဘက်ကို ပို့သလိုဖြစ်နေတယ်။ အကြောင်းအရာနဲ့ ပတ်သက်တဲ့၊ ဆက်နွှယ်တဲ့ လူပုဂ္ဂိုလ် တွေမှန်သမျှ ပါဝင်နိုင်သမျှ ပါဝင်နိုင်လေ ကောင်းလေ ပေါ့ဗျာ။
● ဦးနေမျိုးဇင် (မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်)
ကျွန်တော်ကတော့ သမ္မတ သဘောထား မမှန်ဘူးလို့ သုံးသပ်ပါတယ်ခင်ဗျ။ လောလောဆယ်မှာ ပုဂ္ဂိုလ်ရေးကို ဦးတည်တယ်။ ခေါင်းဆောင်မှု မဟုတ်ဘူး ဆိုလို့ရှိရင်ပေါ့၊ ဦးရွှေမန်းတို့ လွှတ်တော် ဥက္ကဋ္ဌတွေ အပါအ၀င် ဘယ်သူ့ကိုယ်စားပြုပြီး ဦးဆောင်မှု ယူနေရတာလဲ။ ဒေါ်အောင်ဆန်းစုကြည် ဆိုရင်လည်း နိုင်ငံတကာက သံတမန်၊ ဘုရင်တွေ အဆင့်ထိတောင် အသိအမှတ် ပြုပြီးတော့ နိုင်ငံကို ကိုယ်စားပြုပြီး လာတွေ့ကြတာလေ။ တိုင်းရင်းသား ခေါင်းဆောင်ဆိုရင်လည်း အားလုံးက မန်းဒိတ်ပေးတဲ့ တိုင်းရင်းသား ခေါင်းဆောင်ကိုပဲ ရွေးချယ် ပြီးတော့ သွားတာပဲ။ အဲဒီတော့သမ္မတက ဖြစ်ပေါ်နေတဲ့ ပြဿနာဇစ်မြစ်အရင်းကို ဖြေရှင်းနိုင်ဖို့ သူတစ်ဦး တည်းရဲ့ ဆုံးဖြတ်ချက်နဲ့ မလုံလောက်လို့ ငြင်းပယ်တယ်လို့ပဲ သုံးသပ်ပါတယ်။ ဘာကြောင့်ဆိုတော့ သမ္မတ ကိုယ်၌ရော၊ အစိုးရအဖွဲ့ဝင် အတော်များများကရော အရင်စစ်အာဏာရှင် ဟောင်းကြီးကို သွားရောက်တွေ့ဆုံ သြ၀ါဒနာခံ နေရဆဲဆိုတော့ အခုပြောတဲ့ ၆ ပွင့်ဆိုင် တွေ့ဆုံရေးဟာ မလုံလောက်ဘူးလို့ ပြောဆိုချက်ဟာ လည်း သမ္မတရဲ့ စိတ်ပိုင်းဖြတ်ချက် ဟုတ်ချင်မှ ဟုတ်ပါလိမ့်မယ်။ အထက်ရဲ့ ညွှန်ကြားချက်ကြောင့် သူပြော တာပဲလို့ ကျွန်တော်ကတော့ သုံးသပ်ပါတယ်။ အဲဒီတော့ သမ္မတ အပါအ၀င် အစိုးရအဖွဲ့ကိုယ်၌က လုံးဝကို လွတ်လပ်သော ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့်နဲ့ တိုင်းပြည်ကို ဦးဆောင်တဲ့ စွမ်းရည်တွေ ရှိလာတဲ့ တစ်နေ့ကျမှပဲ ကျွန်တော်တို့ မျှော်လင့်တဲ့ အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးပွဲ ဆိုတာကို ကိုယ်စားမှု ပီပီပြင်ပြင်နဲ့ အောင်မြင် လိမ့်မယ်လို့ ထင်ပါတယ်။ အခုအခြေအနေကတော့ သူတို့ကိုယ်တိုင် သမ္မတအပါအ၀င် အစိုးရအဖွဲ့ဝင်တွေ ကိုယ်တိုင် လောင်းရိပ်အောက်က မလွန်မြောက် သေးဘဲနဲ့ အထက်က ညွှန်ကြားတဲ့အတိုင်း လုပ်နေရဆဲဖြစ်လို့ ဒီစကားပြောတယ်လို့ပဲ ကျွန်တော် သုံးသပ်ပါတယ်။
● ဆရာထက်မြက် (စာရေးဆရာ)
ခြောက်ပွင့်ဆိုင် တွေ့ဆုံရေးမှာ ပါဝင်မယ့် ပုဂ္ဂိုလ်တွေက ပုဂ္ဂိုလ်ရေး ကိုယ်စားပြုတယ်ဆိုရင် နိုင်ငံတော် သမ္မတကလည်း နာခံရမဲ့ ပြည်ထောင်စု လွှတ်တော်တစ်ခုလုံးကို နိုင်ငံတော်သမ္မတက တိုက်ခိုက်လိုက်တဲ့ သဘော သက်ရောက်တယ်။ အဲဒီအတွက် နိုင်ငံတော်သမ္မတက အဲဒီအတိုင်း ပြောရင်တော့ သူ့မှာ တာဝန်အများကြီး ရှိတာပေါ့။ ဒီဥစ္စာက ပြည်ထောင်စု လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်လေ။ ပြည်ထောင်စု လွှတ်တော်ဆိုတာက ဒါက အထွတ်အထိပ်ပဲ။ အစိုးရ၊ သမ္မတ အားလုံးကို ပြည်ထောင်စု လွှတ်တော်က ခန့်အပ် ပြီးတော့ တည်ဆောက်ထားတဲ့ နိုင်ငံပဲလေ ဖွဲ့စည်းပုံအရ။ အဲဒီတော့ သမ္မတကိုယ်၌က ဒီလို ပြောတဲ့ဟာမှာ တာဝန် သိပ်ကြီး ပါတယ်။ ဒီအတိုင်းသာ သမ္မတက ပြောခဲ့တယ်ဆိုရင် အဲဒီတာဝန်ကို သမ္မတယူဖို့ လိုပါတယ်။ ဒေါ်အောင် ဆန်းစုကြည်က အရင်တုန်းက ၄ ပွင့်ဆိုင် တွေ့ဆုံရေး တောင်းဆိုတဲ့အခါမှာ သမ္မတ အနေနဲ့ အဲဒီလို ပြောချင် လည်းပြောနိုင်တယ်။ လူပုဂ္ဂိုလ်အရ တောင်းတယ်လို့ ပြောချင် လည်း ပြောနိုင်တယ်။ ဒါလူပုဂ္ဂိုလ်ရေး ပြဿနာ မဟုတ်ဘူး။ နိုင်ငံရဲ့အနာဂတ်မှာ အလွန်အရေးကြီးတဲ့ ပြဿနာ။ ဒီ ၄ ပွင့်ဆိုင်တွေ့ဆုံရေး၊ ၆ပွင့်ဆိုင် တွေ့ဆုံရေး ချတာကလည်းကျန်တဲ့ နိုင်ငံရေးပါတီတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေ အားလုံးကို ပစ်ပယ်တဲ့ သဘောမဟုတ်ဘူး။ ဒါ Line Up ချဖို့ပဲ။ နိုင်ငံအတွက် ရှေ့ဘာလုပ်မလဲဆိုတဲ့ Line Up စချဖို့အတွက် ဒီဥစ္စာ တွေ့ဆုံတာ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုတာလဲ အဲဒါကို တောင်းဆိုတာ။ အဲဒီတော့ ဒီလို တွေ့ဆုံ ဆွေးနွေးရေးက ဒီကနေ့အတွက် အလွန် လိုအပ်တယ်ဆိုတာ နိုင်ငံတကာကလည်း တိုက်တွန်းထား တယ်။ တစ်လျှောက်လုံးလည်း ဒီတွေ့ဆုံ ဆွေးနွေးရေး က နိုင်ငံအတွက် သိပ်အရေးကြီး တယ်။ နိုင်ငံအတွက် သွေးထွက် သံယို ဖြစ်မှုတွေနဲ့ အကြီးအကျယ် ဖြစ်ခဲ့တဲ့ အရေးအခင်းကြီးတွေ က တွေ့ ဆုံ ဆွေးနွေးရေး ကို ငြင်းပယ်လို့ ဖြစ်လာတဲ့ဟာတွေ။ ဒါတွေကို ရှောင်ရှားနိုင်ဖို့ အတွက် တောင်း ဆိုတဲ့ဟာကို နိုင်ငံတော်သမ္မတကြီး အနေနဲ့ လေးလေးနက်နက် စဉ်းစားပြီးတော့ တာဝန်ယူရမယ့် သတ်မှတ်ချက်မျိုး ပြောဆိုမှုမျိုးတွေ ကိုတော့ ရှောင် ကြဉ် သင့်တယ်လို့ ထင်ပါတယ်။
မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald
Subscribe to:
Post Comments (Atom)
No comments:
Post a Comment