Thursday, December 4, 2014

ကိုပါကြီးသေဆုံးမှု အမျိုးသား လူ့အခွင့်အရေးကော်မရှင် ထုတ်ပြန်ချက် ရှေ့နောက်ကွဲလွဲမှုများ ရှိနေဟု ဇနီးဖြစ်သူ ပြော ရန်ကုန်၊ ဒီဇင်ဘာ ၃ အလွတ်တန်း သတင်းထောက် ကိုအောင်နိုင်(ခ) ကိုအောင်ကျော်နိုင် (ခ) ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက် ၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စုံစမ်းစစ်ဆေးမှုများကို ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ပြန် ခဲ့ရာတွင် ရှေ့နောက် ကွဲလွဲမှုများ ရှိနေကြောင်း ကိုပါကြီး၏ဇနီးဖြစ်သူ မသန္တာက ဒီဇင်ဘာလ ၃ ရက်တွင် မြန်မာ သံတော်ဆင့်သို့ ပြောသည်။ ကိုပါကြီးအား တာဝန်ယူ ထိန်းသိမ်းသော တပ်စုမှူးက ခြေထောက်နှင့် လက်တို့ကို ကြိုးတုပ်၍ ထိန်းသိမ်း ထားပြီး ကိုပါကြီးက အပေါ့အလေး သွားချင်သည်ဟု ဆိုသဖြင့် အစောင့်တပ်သားမှ ကြိုးဖြေပေးခဲ့ကာ အပေါ့သွားအပြီး ကြိုးပြန်ချည်ရန် ဆောင်ရွက်စဉ် ကိုပါကြီးက အစောင့်တပ်သားကို ကိုယ်လုံးဖြင့်တိုက်ပြီး ၎င်းကိုင်ဆောင်သော သေနတ်အား လုယူရန် ကြိုးပမ်းသဖြင့် အစောင့်တပ်သားက သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ ကိုပါကြီးမှာ ထိုနေရာ၌ပင် လဲကျခဲ့သည်ဟု ဆိုသော်လည်း ကိုပါကြီး တွင် မေးစေ့အောက်၌ ၄ စင်တီမီတာ x ၂ ဒသမ စင်တီမီ တာ အရွယ်ရှိ ကျည်ဝင်ဒဏ်ရာ တစ်ခုရှိနေသောကြောင့် မသန္တာက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ““ဒီဟာမှာတင် ကွဲလွဲတာ မဟုတ်သေးဘူး။ တခြားဟာတွေမှာလည်း ကွဲလွဲတယ်။ ဒီစာစောင် တစ်စောင်လုံး ဖတ်ကြည့်လိုက်တာ ရှေ့နောက် လွဲတာတွေ အများကြီးပဲ။ နောက် သေနတ်ကျည်ဆန်က (၅)ချက်၊ မေးစေ့က တစ်ခါတည်း ထွက်သွားပြီးပြီဆို ပွဲချင်းပြီးသေမှာပဲ။ ဒါဆို ဘာလို့ နောက်ထပ် ၄ ချက်လဲ။ ၄ ချက်က အရင်ပစ်တယ် ဆိုရင်လည်း သေနတ်ကို ဘယ်လို ဆွဲလုနိုင်တော့မလဲ။ ဒွိဟဖြစ်စရာ တွေအများကြီးပဲ ဖြစ်နေတယ်””ဟု ကိုပါကြီး၏ ဇနီးဖြစ်သူ မသန္တာက မြန်မာသံတော်ဆင့်သို့ ပြောသည်။ ကိုပါကြီး သေဆုံးရသည့် အကြောင်းရင်းမှာ ဦးခေါင်း၊ ရင်ခေါင်း၊ ပေါင်နှင့် ခြေဖနောင့်တို့တွင် ရရှိသော သေနတ် ဒဏ်ရာများကြောင့်ဟု မော်လမြိုင်မြို့ ကျန်းမာရေးဝန်ကြီးဌာန၏ ရင်ခွဲ စစ်ဆေးချက်နှင့် ထင်မြင်ယူဆချက် အစီရင်ခံစာတွင် ဖော်ပြထားကြောင်း အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ ထုတ်ပြန်ချက်၌ ဖော်ပြထားပြီး အမှတ်(၂၂) တပ်မဌာနချုပ်၏ စစ်ကြောချက် စစ်ဘက်ဆိုင်ရာ လုံခြုံရေးတပ်ဖွဲ့(မြ၀တီ)တို့မှ စုံစမ်းတွေ့ရှိချက် နှင့် မီဒီယာများ မှ ဖော်ထုတ် ရေးသားချက်များအရ ကိုပါကြီးသည် ထိုင်း-မြန်မာ နယ်စပ်သို့ သွားရောက်ကာ ABSDF သို့ ၀င်ခဲ့ကြောင်း၊ ထို့နောက် DKBA အဖွဲ့နှင့် ဆက်သွယ်၍ လှုပ်ရှားခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက် တွင် ဖော်ပြထားသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဋ္ဌ ရဲဘော်သံခဲက ““ကျွန်တော် ပထမဆုံး ပြောချင်တာကတော့ ကိုပါကြီးဟာ ABSDF ရဲ့ တပ်ဖွဲ့ဝင်ရော၊ အဖွဲ့ဝင်ရော တစ်ခုမှ မဖြစ်ခဲ့ဖူးပါဘူး။ သူဟာ ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်နေတဲ့ လူတစ်ယောက် ဖြစ်တယ်။ ကျွန်တော် သိသလောက်ကတော့ ဒီတင်ပြချက်တွေဟာ ဒီနေ့ကိုပါကြီးနဲ့ သူ့ဇနီးရှိမယ်။ သူ့ သားသမီးတွေရှိမယ်။ လုပ်ဖော် ကိုင်ဖက်တွေ အတွက်ကတော့ ဒီအစီရင်ခံစာဟာ လက်ခံနိုင်စရာ မရှိဘူးဆိုတဲ့ အချက်တွေကို တွေ့နေရပါတယ်”” ဟု သဘောထား မှတ်ချက်ပေးခဲ့သည်။ စုံစမ်း စစ်ဆေးရေးအဖွဲ့သည် အမှတ်(၂၂) ခြေမြန်တပ်မဌာနချုပ်မှ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့များ၊ ကျန်းမာရေး ဌာနမှ ပုဂ္ဂိုလ်များနှင့် အခြားသော ပုဂ္ဂိုလ်များ စုစုပေါင်း ၄၇ ဦးကို စစ်ဆေးမေးမြန်းမှု ပြုလုပ် ခဲ့ပြီး ပြည်ထဲရေး ၀န်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည့် အဖွဲ့အစည်းများမှလည်း စာရွက်စာတမ်း အထောက်အထားများ ရယူကာ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင်အဖွဲ့က ဆိုသည်။ ““ကျွန်တော်တို့ သက်သေတွေ ခေါ်ယူစစ်ဆေး ထွက်ဆိုချက်တွေ ကိုပဲ ရေးတာလေ။ တပ်မှူးကြီးကနေ အားလုံး ပါတယ်မေးတာ””ဟု မြန်မာနိုင်ငံ လူ့အခွင့်အရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးစစ်မြိုင်က မြန်မာသံတော်ဆင့် သို့ ပြောသည်။ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ သုံးသပ်ချက်တွင် ကိုပါကြီးသည် DKBA အဖွဲ့ဝင်ဟု လည်းကောင်း၊ သတင်းရယူသူ တစ်ယောက် အဖြစ်လည်းကောင်း မှတ်ယူနိုင်ခြင်း မရှိကြောင်း သုံးသပ်ထားပြီး အကြံပြု တိုက်တွန်းချက်တွင် သေဆုံးမှုနှင့် ပတ်သက်၍ ရဲလုပ်ငန်းများ ကုန်စင်အောင် ဆောင်ရွက်ပြီး တရားဥပဒေနှင့်အညီ တရားစွဲဆိုနိုင်ရေး ဆောင်ရွက်သင့်ကြောင်း၊ နိုင်ငံတော် လုံခြုံရေးကို ထိခိုက်စေသော ကိစ္စရပ်များမှအပ လူထုနှင့် ထိတွေ့ဆက်ဆံရသော အမှုကိစ္စများတွင် ပွင့်လင်း မြင်သာစွာဖြင့် အချိန်နှင့် တစ်ပြေးညီ သတင်းထုတ်ပြန်မှုများကို ဆောင်ရွက်သင့်ကြောင်းနှင့် အများပြည်သူ အမြင်တွင် ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဤအမှုကို နယ်ဘက်ဆိုင်ရာ တရားရုံးတွင် စစ်ဆေးသင့်ပါကြောင်း အကြံပြုထားသည်။ အလွတ်သတင်းထောက် ကိုပါကြီး သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ စစ်ဆေး ထုတ်ပြန်ချက် အပေါ် ပြည်သူအများ လက်ခံနိုင်ဖွယ် ထုတ်ပြန်ချက် မဟုတ်ကြောင်း ဖြစ်စဉ် အား အမှုမှန် ပေါ်ပေါက်သည်အထိ လူထုလှုပ်ရှားမှုများ တောင်းဆိုမှုများ ပြုလုပ် သွားကြပါရန် မြန်မာ့ လူမှုဘ၀ တိုးတက်မြင့်မားရေးအသင်းက ဒီဇင်ဘာ ၃ ရက်တွင် သဘောထား ထုတ်ပြန် ကြေညာခဲ့သည်။ ၀ိုင်းမော် မြန်မာသံတော်ဆင့်သတင်းဌာန- http://www.facebook.com/myanmarherald

No comments:

Post a Comment