Sunday, December 14, 2014

KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ့်တွေဖြစ်ရပ် အပိုင်း(၂)

KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ့်တွေဖြစ်ရပ် အပိုင်း(၂)

14.12.2014 ကျွန်မတို့ KIA တပ်ရင်း(၅)ဌာနချုပ်မှာ တပ်သားသစ်သင်တန်းကွင်း နေရာကို ပေါင်းမြက်ရှင်းလင်းပြီး တဲဆောက်ခြင်းစတဲ့ အလုပ်တွေနေ့ မနား ညမနား လုပ်ခဲ့ရပါတယ်။ အဲဒီနေရာမှာ ကျွန်မအပါအ၀င် ဖမ်းဆီးခံထားရတာ ယောက်ျား ၄၀ ဦးနဲ့ မိန်းမ ၉ ဦး၊ ကျွန်မတို့ အရင် ဖမ်းထားတဲ့ လူ(၂၀)ဦး အားလုံးပေါင်း ၆၉ ဦးနဲ့ စစ်သင်တန်းဖွင့် ခဲ့ပါတယ်။ မှတ်မှတ်ရရ ၂၀၁၂ ခုနှစ် မေလ ၂၁ ရက်နေ့မှာ ပါရှင်။ ကျွန်မတို့ သင်တန်းသား ၆၉ ယောက်ကို တပ်စု ၄ စုခွဲပြီး တပ်စုတစ်စု လျှင် တပ် စိတ်နှစ်စိတ်ခွဲထားပါတယ်။ သင်တန်းသား တစ်ဦးချင်းစီကို ခြင်းထောင် ၁ လုံး၊ စောင်ပါးပါးလေး ၁ ထည်၊ KIA ယူနီဖောင်း ၁ စုံ၊ တောစီးဖိနပ် ၁ ရံ၊ ညှပ်ဖိနပ် ၁ ရံ၊ ဆပ်ပြာနဲ့သွားတိုက်ဆေး ဒါပဲထုတ်ပေးပါတယ်။ အဲဒီအလုပ်ကို လုပ်ရမယ် ဆိုတော့ ကျွန်မဖြင့် ကိုယ့်ကိုယ်ကို သတ်သေဖို့အထိတောင် စဉ်းစားခဲ့ပါတယ်။ ဒါပေမယ့် သင်တန်းသူများက ၀ိုင်းဝန်းနားချလို့ ကျွန်မ လူ့လောကထဲမှာ အသက်ရှင် နေခွင့်ရခဲ့တာပါ။ သင်တန်းချိန်တွေမှာ စာတွေသင်ပေမယ့် ကျွန်မဘာမှကို စိတ်မ၀င်စားပါဘူး၊ အဲဒီသင်တန်းမှာ ကတုတ်ကျင်းတွေ တူးရ ပါတယ်။ တူးပြီးသား ကတုတ်ကျင်း တွေထဲမှာ သင်တန်းသား ၇ ဦး အလှည့်ကျ ကင်းစောင့်ခိုင်းပါတယ်။ ဒါကြောင့် မြွေလိမ်မြွေကောက် ချီတက်နည်း၊ တိုက်နည်းခိုက်နည်းတွေလည်း လုပ်ရပါတယ်၊ ကျွန်မတို့ မိန်မသားတွေအဖို့ အဲဒီဟာ တွေလုပ်တဲ့အချိန်ဟာ ငရဲခန်းကို အရှင်လတ်လတ်ရောက်နေသလိုပါပဲရှင်။ ၂၀၁၂ ခုနှစ် ဇူလိုင် ၂၈ ရက်နေ့မှာ သင်တန်းဆင်းပွဲပြုလုပ်ပါတယ်။ သင်တန်း တက်နေတဲ့ကာလမှာလည်း ဒဏ်မခံနိုင်လို့ ထွက်ပြေးတဲ့သူတွေရှိပါတယ်။ သင်တန်းသား ၉ ဦး ထွက်ပြေးပေမယ့် ပြန်အဖမ်းခံခဲ့ရပါတယ်။ သင်တန်းကွင်း အလယ် မှာရှိတဲ့ လက်ဝါးကပ်တိုင်မှာ ကြိုးတုပ်ပြီးတော့ သင်တန်းသားတွေကို တုတ်နဲ့ တစ်ချက်စီရိုက်ခိုင်းပါတယ်။ သင်တန်း တက်နေတဲ့ ကာလမှာ အကြောင်း အမျိုးမျိုးနဲ့ပြန်လွှတ်ပေးခြင်းခံရသူတွေ၊ သေဆုံးသူတွေလည်းရှိခဲ့ပါတယ်။ ထွက်ပြေး သွားလို့ အရိုက်ခံရတဲ့ သင်တန်းသား ၉ ယောက်ကိုတော့ အချုပ်ခန်းထဲမှာ ချုပ်ထားပြီး အစာငတ်ရေငတ် ထားတာမြင် ပါတယ်။ ကိုယ်နဲ့ဘ၀တူချင်းမို့ စိတ်မကောင်းဖြစ်မိပေမယ့် သူတို့ အတွက် ဘာမှလုပ်မပေးနိုင်ခဲ့ပါဘူး။ သင်တန်းမဆင်းမီ ဗန်းမော်မြို့နယ်မှာနေတဲ့ သားငယ်ဆိုတဲ့လူကို အူအတက် ပေါက်လို့ နောက်တစ်ယောက်ကတော့ သွေး ကင်ဆာရှိလို့ ဆိုပြီးပြန်လွှတ်ပေး တာသိလိုက်ရပါတယ်။ သူတို့ပြန်သွားတော့ ငါ့မှာအဲဒီလိုရောဂါဖြစ်ရင် ကောင်းမှာပဲဆိုပြီး ဒုက္ခရောက်နေတဲ့ ဘ၀မှာတွေးမိတွေးရာတွေးခဲ့ပါတယ်။ မြစေတီကျေးရွာမှာနေတဲ့ ယောထုံကို သင်တန်းဆရာ ဆန်းအောင်က ဗိုက်ကို ဒူးနဲ့တိုက်လို့ ဆီးအိမ်ကွဲပြီး သေဆုံးသွားပါတယ်။ ကာယကံရှင် မိသားစုအတွက် တော့ တောထဲ တောင်ထဲမှာ ဒီလိုအဖြစ်ဆိုးမျိုးတွေနဲ့ သေဆုံးသွားတာကို မသိရရှာပါဘူး။ အဲဒီအချိန်တွေဟာ ကျွန်မဘ၀အတွက် ဖြစ်ချင်ရာဖြစ်ဆိုတဲ့စိတ်ကလွဲ ပြီး အခြားဘာမှ မစဉ်းစားနိုင်တော့ပါဘူးရှင်။ နန်းမြစန်း 

No comments:

Post a Comment