Saturday, December 13, 2014

KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသူတစ်ဦး၏ ကိုယ်တွေ့ဖြစ်ရပ် အပိုင်း(၁)

14.12.2014 ကျွန်မကတော့ ရှမ်းတိုင်းရင်းသားမိဘနှစ်ပါးက မွေးဖွားခဲ့တဲ့ ရှင်းတိုင်းရင်းသူတစ်ယောက်ဖြစ်ပြီး ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ထဲက ရွာလေးတစ်ရွာမှာ နေထိုင်ကြီးပြင်းခဲ့သူ ဖြစ်ပါတယ်။ အတန်းပညာ တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ခဲ့ပြီး မိဘများနဲ့အတူ ဘ၀ကို ရုန်းကန်ခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်တုန်းက ကျွန်မ မိဘများထံခွင့်တောင်းပြီး ရွှေမှော်မှာ အလုပ်လုပ်ရန် ရွာက ထွက်ခွာခဲ့ပါတယ်။ နန့်စီးအောင်ကျေးရွာရဲ့ အရှေ့ဘက် နန့်ပမောင်းရွှေမှော်မှာ ကျင်းလုပ်သားအဖြစ် အလုပ်လုပ်ကိုင်ခဲ့ပါ တယ်။ အဲဒီလို အလုပ်လုပ်ကိုင်နေရင်း ၂၀၁၂ ခုနှစ် အေပြီလကုန်ခါနီးလောက်မှာ KIA အဖွဲ့တွေ ကျွန်မတို့ အလုပ်လုပ်တဲ့ ရွှေမှော်ကို ရောက်လာပါတယ်။ KIA အဖွဲ့က ဗိုလ်အဆင့်ရှိတဲ့ ဂဒေါင်ရော်ဆိုပြီးပြောပါတယ်။ မှော်ထဲမှာ တွေ့သမျှ ယောက်ျား၊ မိန်မအားလုံးကို ဖမ်းတော့တာပါပဲ။ အဲဒီအချိန်ဟာ မှော်ထဲမှာ ကမ္ဘာပျက် သလိုပါပဲ။ ကျွန်မအပါအ၀င် မှော်သူမှော်သား ၅၀ ကျော်ကို ကြိုးတုတ်ပြီး KIA အဖွဲ့က ဖမ်းခေါ်သွားပါတယ်။ ရွှေမှော်ထဲက ဆန် ၂ အိတ်နဲ့ မိုးကာတွေကိုလည်း အလှည့်ကျသယ်ခိုင်းပါတယ်။ တောလမ်းအတိုင်း ဖမ်းဆီး ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ညအိပ်တာတောင်မှ ကြိုးတွေဖြည်မပေးပါဘူး။ ဖြုတ်တွေ ခြင်တွေကိုက်လို့ သေမတတ်ခံစားရပါတယ်။ စောင်၊ ခြင်ထောင်လည်းမပါတော့ ဒီအတိုင်းအိပ်ကြရပါတယ်။ KIA အဖွဲ့က သေနတ်တွေနဲ့ ကင်းစောင့်နေတာ တွေ့ပါတယ်။ သုံးရက်လောက်ကြာတော့ သစ်ခိုးထုတ်ထားတဲ့ ကွင်းတစ်ခုကို ရောက်လာပါတယ်။ အဲဒီကွင်းထဲမှာပဲ ညအိပ်ခဲ့ရတယ်။ နောက်တစ်နေ့ မနက်မှာတော့ ဖမ်းလာတဲ့ မှော်သူမှောသားတွေထဲက ယောက်ျားလေး တွေကို ဆံပင်ညှပ်ပါတော့တယ်။ အဲဒီကနေ ဆက်ပြီးခေါ်သွားတာ ဒါဝယ်ကျေးရွာမှာရှိတဲ့ KIA စခန်းတစ်ခုကို ရောက်ခဲ့ကြပါတယ်။ အဲဒီစခန်းမှာ ကျွန်မတို့ မှော်သူမှော်သား ၅၀ ကျော်ရဲ့ အမည်စာရင်းကောက်ပါတယ်။ လမ်းမှာ ထွက်ပြေးရင် ပစ်သတ်ခံရမယ်ဆိုပြီး ခြိမ်းခြောက်တော့ ကျွန်မလည်း တော်တော်လေး ကြောက်လန့်နေခဲ့ပါ တယ်။ ငိုလည်းငိုမိတယ်။ အဖေနဲ့အမေ့ကိုလည်း တမ်းတမိတယ်။ အသက်ရှင်လျက် အမေတို့ဆီပြန်ခွင့်ရ ပါတော့မလားဆိုတဲ့ စိတ်က ကျွန်မကို ခြိမ်းခြောက်နေပါတယ်။ အဲဒီစခန်းကနေဆက်ပြီး ထွက်လာခဲ့ကြပါတယ်။ ည ၉ နာရီခွဲလောက်မှာ KIA တပ်ရင်း(၅)ဌာနချုပ်ကို ကျွန်မတို့ရောက်ရှိခဲ့ပါတယ်။ လမ်းခရီးမှာတော့ ကျွန်မတို့နဲ့အတူ အဖမ်းခံရတဲ့ လူ(၅၀)ကျော်ထဲက ယောက်ျားလေး ၂ ဦး၊ မိန်းကလေး ၅ ဦးထွက်ပြေး လွတ်မြောက်သွားပါတယ်။ သူတို့အတွက် ကျွန်မတို့ ၀မ်းသာပေးခဲ့ကြပါတယ်။ ကျွန်မကိုယ်တိုင်ကတော့ KIA လက်ထဲမှာ ဘယ်လိုဖြတ်သန်းရဦးမလဲဆိုတာ တွေးပူရင်း အိပ်မပျော်စားမ၀င်ဖြစ်ခဲ့ရပါတယ်။ဆက်လက် ဖော်ပြပါမည်။ နန်းမြင့်စန်း

No comments:

Post a Comment