Monday, December 15, 2014

ကသာ တောထဲတွင် မတရားပြုကျင့်ခံခဲ့ရသူ မခင်မေဦး၏ အမှုအား ကသာခရိုင်တရားရုံးမှ ယနေ့ စီရင်ချက်ချခဲ့သည့်အပေါ် မိသားစုနှင့် ရွာသူရွာသားများက ကျေနပ်မှု မရှိကြောင်း စုဝေးပြောဆို...

ကသာ တောထဲတွင် မတရားပြုကျင့်ခံခဲ့ရသူ မခင်မေဦး၏ အမှုအား ကသာခရိုင်တရားရုံးမှ ယနေ့ စီရင်ချက်ချခဲ့သည့်အပေါ် မိသားစုနှင့် ရွာသူရွာသားများက ကျေနပ်မှု မရှိကြောင်း စုဝေးပြောဆို...

***************************** တောထဲတွင် ကြိုးတုတ်၊ ဒါးများဖြင့်မွမ်း၊ ဆွဲကြိုးဖြတ်၊ မုဒိမ်းကျင့်ပြီး ကိုယ်လုံးတီး ကြိုးဖြင့်တုတ်၍ တောထဲတွင် တစ်ညလုံး ပြစ်ထားခြင်းခံခဲ့ရသည့် မခင်မေဦးအမှုအား ကသာခရိုင်တရားရုံးမှ ၁၅၊၁၂၊၁၄ရက်နေ့ နေ့လည်း(၁၂)နာရီအချိန်က စီရင်ချက်ချခဲ့ပြီး ထိုစီရင်ချက် ချခဲ့မှုအပေါ် ကျင့်ကြံခြင်း ခံခဲ့ရသူ မခင်မေဦးမိသားစုနှင့် ကျေးရွာမှ လာရောက်နားထောင်သူအားလုံးက ကျေနပ်မှု မရှိကြောင်း herjule media သို့ ၀ိုင်းဝန်း ပြောဆိုခဲ့ပါသည်၊ထိုသို့ ပြောဆိုသူများထဲမှ မခင်မေဦး၏ မောင်ဖြစ်သူ ရဟန်းတစ်ပါးမှ.."" ကျုပ်တို့ဘက်က အမှု(၃)မှုနဲ့ တရားစွဲတင်ခဲ့ပါတယ်၊ မုဒိမ်းမှု လုယက်မှု နဲ့ ကြိုးတုတ်ရိုက်ျနှက်ခဲ့မှုတွေပေါ့၊ ကျုပ်တို့မိသားစုက ဥပေးလည်း မသိပါဘူး၊ တကယ်ခံခဲ့ရတာပဲ သိပါတယ်၊ အဲဒီအပေါ်မှာ ကွယ်ဖျောက်လို့ မရတဲ့ ကြိုးတုတ်ရိုက်နှက်မှု (၃၄၂)အတွက် ထောင်(၁)နှစ်နဲ့ မုဒိမ်းမှု(၃၇၆)အတွက် ထောင်ဒါဏ် တစ်သက်တစ်ကျွန်း(နှစ်၂၀) ကျခံစေဆိုတာနဲ့ လွှတ်ငြိမ်းချမ်းသာခွင့်ကိုလည်း ခံစားစေ လို့ ပဲ ပါပြီး ဆွဲကြိုးလုယက်ခဲ့မှုကို ဖျောက်ထားလိုက်ကြတဲ့အပေါ် မကျေနပ်ကြတာပါ၊ မုဒိမ်း မကျင့်ခင် ကြိုးတုတ်ပြီး ဆွဲကြိုးဖြတ်ခဲ့တဲ့အပေါ် အမှု မစတင်ခင်က ကျုပ်တို့အစ်မ မန္တလေး ဆေးရုံမှာ ရှိနေတဲ့ အချိန် အမှုစစ် ရဲအုပ်မင်းသန်းထိုက်က ကျုပ်ဆီကို ဖုန်းဆက်ပါတယ်၊ဆွဲကြိုးဖြတ်တာ မပေါ်တဲ့အကြောင်းနဲ့ တစ်ဖက်က ဆွဲကြိုးဖိုး လျော်ပေးမယ်၊ အဲဒီအမှုကို မထည့်ဖို့ပေါ့၊ ကျုပ်တို့က လက် မခံခဲ့ပါဘူး၊ ဆွဲကြိုးဖြတ်မှု လုယက်မှုဆိုတာ မုဒိမ်းမှုလိုပဲ ထောင်ဒါဏ်တစ်သက်တစ်ကျွန်းချနိုင်တဲ့အမှုဖြစ်လို့ ကျုပ်တို့ အလျော် မယူခဲ့ပါဘူး၊ အဲဒီနောက် အမှုဖြစ်တော့ ကျုပ်အစ်မကို တစ်ခါ ခေါ်စစ်ပြီး ကျုပ်တို့ မိသားစု ရုံးချိန်း မလာရင်လည်း ရတယ်လို့ ပြောပါတယ်၊ လွန်ခဲ့တဲ့၅ရက်လောက်က ခရိုင်တရားသူကြီးအိမ်ကို သွားတွေ့ပြီး အမှုအခြေအနေပြောတော့လည်း ခရိုင်တရားသူကြီးက ၁၅ရက်နေ့ အမိန်ချမှာ ဖြစ်ပြီး မခင်မေဦးတို့ မိသားစု မလာရင်လည်း ရတယ်လို့ ပြောခဲ့ပါတယ်၊ ဒီနေ့ ချတဲ့ တရားသူကြီးရဲ့ အမိန့်ကို မကျေနပ်လို့ ရွာက ရဟန်းနဲ့ လူ(၅၀)လောက် မပြန်ကြတော့ပဲ စုဝေးခဲ့ကြပါတယ်၊ တရားသူကြီးက လူစုခွဲပေးကြဖို့ ကျုပ်ကို ပြောပါတယ်၊ ကျုပ်တို့ မိသားစုကို သူ့ရုံးခန်းခေါ်ပြီးလည်း ရှင်းပြပါတယ်၊ကျုပ်တို့က တစ်ပေါင်းတစ်စည်းထဲ ကျခံစေဆိုတာနဲ့ လုယက်မှုအတွက် ပြစ်ဒါဏ် မချခြင်းအပေါ် မကျေနပ်ကြတာဖြစ်ကြောင်းနဲ့ ဒီအပေါ် ကျုပ်တို့ကလည်း မကျေနပ်ကြောင်း ပြောပြခဲ့ပါတယ်၊တရားသူကြီးရဲ့စီရင်ချက်မှာ ပါသလို ဆွဲကြိုးဘောက်ချာလက်မှတ် မပြနိုင်တာ ပါတဲ့အပေါ် ကျုပ်တို့ကို ဆွဲကြိုးဘောက်ချာနဲ့ ပတ်သက်ပြီး ဘယ်သူမှ ရှိ မရှိ မေးမြန်းတာ မရှိခဲ့ကြောင်း၊ သက်သေခံ ရွှေဆွဲကြိုး မတွေ့လို့ အမှု မပြည့်စုံဘူးဆိုတာမှာလည်း ဒီမှုခင်း မဖြစ်ခင် ကျုပ်ညီမ ဆွဲကြိုး ဆွဲခဲ့တယ်ဆိုတာကို ကျုပ်အစ်မကို တောလမ်းမှာ တွေ့မြင်ခဲ့သူဒေါ်သောင်းရင်က ရဲစခန်းမှာရော တရားရုံးမှာ ထွက်ဆိုထားခဲ့တယ်လို့ ပြောဖြစ်ခဲ့ပါတယ်""ဟု ပြောဆိုခဲ့ပါသည်၊ မခင်မေဦး၏ မိခင်မှလည်း "" ... ကျမတို့က ငွေ ဆင်းရဲပါတယ်၊ အမှုအတွက် ရှေ့နေလည်း မငှားနိုင်ပါဘူး၊ဒီအမှုတွေတောင် နိုင်ငံတော်က ဥပဒေအရာရှိပါလာလို့သာ အမှုလုပ်နိုင်တာပါ၊ ဒီအထဲက အမှုတွေကို စည်းဝါးရိုက်ပြီး ဖျောက်လိုက်ကြတဲ့အပေါ် မကျေနပ်ပါဘူး၊ သက်သေတွေကို ကျွန်မတို့ကို မမေးဘဲ ရဲက သူ့သဘောနဲ့ သူချင်တဲ့လူတွေ ခေါ်ပြီး တရားရုံးမှာ သက်သေထွက်ခိုင်းခဲ့တာပါ၊ ဥပမာ ပြောရရင် မနက်(၆)နာရီလောက်မှာ ကျွန်မသမီးကို ကိုယ်တုံးလုံးနဲ့စတွေ့တဲ့သူ အများကြီထဲ့မှာမှ တစ်ယောက်ထဲ တရားရုံးကို သက်သေခံ ခေါ်ပါတယ်၊ အဲဒီသက်သေကို စစ်တော့လည်း ဘာမေးမေး မသိဘူးပဲ ထွက်ဆိုနေပါတယ်၊အခြားသူတွေ ခေါ်ဥိးမယ်ထင်ပေမယ့် ပြည့်စုံပြီဆိုပြီး အခုလို အမိန့်ချလိုက်တာ ဖြစ်ပါတယ်၊ အခုအမိန့်ချလိုက်တဲ့ တရားသူကြီးက နောက်တစ်ပါတ်ပြောင်းမှာဆိုတော့ သူမပြောင်းခင် အမှုပြီးအောင် ဖြတ်လိုက်တာပဲ ဖြစ်မယ်ထင်ပါတယ်၊ ကျွန်မတို့ကတော့ အမှုအပေါ် မကျေနပ်တာမှန်ပေမယ့် အထက်ကို ဆက်တက်ဖို့ ရှေ့နေလည်း မငှားနိုင်ပါဘူး၊ ရွာကတွေကတော့ စာတင်ပြီး ဆန္ဒပြကြမယ် ပြောသွားပါတယ်၊""..ဟု ပြောဆိုပါသည်၊ မတရားပြုကျင့်ခံရသူ မခင်မေဦးကလည်း """ ကျမနာမည်ကို ထည့်ရေးလို့ ရပါတယ်၊ မတရားခံရတာတွေ များတော့ ဘာဖြစ်ဖြစ်ဆိုတာမျိုးတွေပဲ ဖြစ်နေပါတယ်၊ ကျွန်မ အခုအထိ ကျန်းမာရေး မကောင်းသေးပါဘူး၊ တရားရုံးအမိန့်ကို နားထောင်ချင်လို့ လာခဲ့တာဖြစ်ပေမယ့် အကြာကြီး မထိုင်နိုင်လို့ ရုံးရှေ့က လဘက်ရည်ဆိုင်မှာ လဲနေရတာပါ၊ အဲဒီလို မတရားခံထားရတဲ့ကျွန်မအပေါ် မစာနာပဲ လာဘ်ငွေတွေ ယူခဲ့ကြတယ်ဆိုရင်တော့ လူစိတ် မရှိတဲ့ ၀န်ထမ်းများလို့ပဲ ပြောရမှာပေါ့၊ ကျွန်မကတော့ ဒီဖြစ်စဉ်တွေအပေါ်မှာ အတော် ခံစားရပါတယ်၊ ကျွန်မမှာ ပိုင်ဆိုင်တာဆိုလို့ ဒီဆွဲသီးနဲ့ ဆွဲကြိုးလေးတစ်ကုံးပဲ ရှိတာပါ၊ ကျွန်မ အဲဒီနေ့က ဆွဲကြိုးဆွဲလာတာမြင်တဲ့ သက်သေတွေလည်း ရှိတယ်၊ ကျွန်မကို စတွေ့တဲ့သူတွေကလည်း ကျွန်မမှာ ဆွဲကြိုးရော အ၀တ်အစား မရှိတာ သိကြပေမယ့် ရဲက သက်သေမရှိဘူးဆိုတာကတော့ ရုတ်ပျက်လွန်းလှပါတယ်၊တရားရုံးကလည်း သက်သေ မခိုင်လို့ လုယက်မှုအမှုကို စီရင်ချက် မချဘူးဆိုတာလည်း တစ်မျိုးကြီးဖြစ်နေပါတယ်""" ဟုပြောဆိုသွားခဲ့ပါသည်။ (တရားရုံးအမိန့် အပြည့်အစုံကို နောက်တစ်ပါတ်ထုတ်မယ့် တူမောရိုးဂျာနယ်တွင် ဖေါ်ပြသွားမည်းဖြစ်ပါသည်)

No comments:

Post a Comment