ဒေသခံရွာသားတစ်ဦး KIAအဖွဲ့မှ ထောင်ထားသောမိုင်း နင်းမိသဖြင့် ပြင်းထန်စွာဒဏ်ရာရရှိ
ဒီဇင်ဘာလ ၁၅ရက်၊ ၂၀၁၄ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်မှ ဒေသခံရွာသားတစ်ဦးသည် ၎င်း၏ ကျွဲပျောက်ဆုံးသဖြင့် လိုက်လံရှာဖွေရာမှ KIA ထောင်ထားသော မိုင်းနင်း မိပေါက်ကွဲပြီး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၄ရက်၊ နေ့လယ် ၁၂ နာရီခွဲ အချိန်ခန့်တွင် မန်စီ မြို့နယ်၊ ပြင်ဦးလွင်ရပ်ကွက်နေ မောင်မရန်နော်ဆိုင်း အသက်၂၄ နှစ်သည် ၎င်း၏ကျွဲ ပျောက်ဆုံးသွားပါဖြင့် လိုက်လံရှာဖွေရာ မန်စီမြို့ အရှေ့ဘက် ၂ မိုင်အကွာ တွင်ရှိသော လုံဂျာ သစ်တောကြိုးဝိုင်းအရောက်တွင် KIA အဖွဲ့မှ ထောင်ထားသော မိုင်းနင်းမိ ပေါက်ကွဲခဲ့သဖြင့် ညာဘက် ခြေထောက်နှင့် ဘယ်ဘက်လက်ကျိုးသွားခဲ့ပြီး ၀မ်းဗိုက်တွင် မိုင်းစများ ထိမှန်သဖြင့် ဒဏ်ရာ ပြင်းထန်စွာ ရရှိ ခဲ့သောကြောင့် မန်စီမှ ဗန်းမော်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပြီး ဆေးကုသမှု ခံယူနေရကြောင်း လူနာအား လိုက်ပါပို့ဆောင်ပေးခဲ့သူ မန်စီဒေသခံတစ်ဦး မှပြောကြားသည်။ ပြီးခဲ့သောရက်ပိုင်းအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်းတွင် အစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့များ တိုက်ပွဲများဖြစ်ပွားပြီးနောက် KIA အဖွဲ့မှ မိုင်းထောင်ခြင်းများကို ယခင်ကထက် ပိုမိုလုပ်ဆောင်လာ သည်ဟု မန်စီမြို့နယ် အမည်မဖော်လိုသူ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးမှ ပြောပြသည်။ KIAအဖွဲ့မှထောင်ထားသောမိုင်းနင်းမိပေါက်ကွဲခဲ့မှုကြောင့် ဆေးကုသစရိတ်မထောက်ပံ့သည့်အပြင် ပေါက်ကွဲ ခဲ့သော မိုင်းတစ်လုံး၏ တန်ဖိုးကို ပေးလျော်ရ မည်ဖြစ်ကြောင်း KIA အဖွဲ့မှစာပို့တောင်းထားသည်ဟု ဒဏ်ရာ ရရှိခဲ့သူ ၏ ဆွေမျိုတော်စပ်သူ တစ်ဦးထံမှ သိရသည်။ ယခုကဲ့သို့ ဖြစ်စဉ်များ မကြာခဏဖြစ်ပွားလျက်ရှိခြင်းကြောင့် ဒေသခံများ အနေဖြင့် ကျေးရွာများ အတွင်းမှ ၎င်းတို့၏ တောင်ယာလုပ်ငန်းများလုပ်ကိုင်ရန် သွားရောက်ရာတွင် ဘယ်အချိန် မိုင်းနင်းမိမလဲ ဆိုသည့် စိုးရိမ်စိတ်တွေနဲ့ ၎င်းတို့၏ စားဝတ်နေရေးကို အသက်နှင့်ရင်းပြီး ဖြေရှင်း နေရကြောင်း မန်စီ မြို့နယ်တွင်းရှိ ကျေးလက်ဆေးပေးခန်းမှ ဆေးဝန်ထမ်းတစ်ဦးမှ ပြောပြ ခဲ့ပါသည်။ ဂျာဆိုင်း( မန်စီ)
No comments:
Post a Comment