Saturday, December 20, 2014

ကိုယ့်ရဲ့ ပြိုင်ဘက်နိုင်ငံရေးအင်အားစုကို ဖြိုခွင်းတာက လက်နက်ကိုင်စစ်တပ်ကို ဖြိုခွင်းတာနဲ့ သဘာဝချင်းမတူပါဘူး။ နိုင်ငံရေးအင်အားစု ဆိုတာရဲ့ အသက်သွေးကြောတည်မှီရာက လက်နက်မဟုတ်ဘူး။ လူတွေရဲ့ စိတ်နှလုံး၊ ခံစားချက်။ ပြိုင်ဘက်ကို ဖြိုဖို့ သူ့အရိုးနဲ့သူပြန်ထိုးရသလိုမျိုး လုပ်လေ့ရှိကြတယ်။ ကိုယ်က ဘယ်လောက်တိုက်ခိုက်ပါစေ...နိုင်ငံရေးမှာ လူထုထောက်ခံမှုကျအောင် လုပ်ရခက်တယ်။ ဒါကြောင့်...တစ်ဖက်ရဲ့ အမှားကိုစောင့်ကြတယ်။ တချက်မှားတာနဲ့ နာလံမထူနိုင်အောင် ထိုးနှက်ပါတယ်။ ဒီလိုနည်းအားဖြင့် သူ့အပေါ် ထောက်ခံနေတဲ့ လူတွေစိတ်နှလုံးသားထဲ နာကျင်သွားအောင် လုပ်ပါတယ်။ 2013 ခုနှစ် နှစ်လယ်ပိုင်းလောက်မှာပဲထင်ပါတယ်။ အဲ့ဒီအချိန်ကာလမှာ အတွက်အချက်တွေ ခပ်များများလုပ်ခဲ့တယ်။အဲ့ဒါတွေကို ခပ်စိပ်စိပ်ဖော်ပြခဲ့တယ်။ အဲ့ဒီအထဲက တစ်ခုသော စာကြောင်းက "လူငယ်နိုင်ငံရေးသမားတွေဆိုရင် မိန်းမကိစ္စ၊ ယောက်ျားကိစ္စ..နောက်ငွေကြေးအရှုပ်အရှင်းတွေ။ လူကြီးတွေကျရင်တော့ တခြားသော ဥပဒေကြောင်းကိစ္စနဲ့လာဘ်စားမှုလိုကိစ္စတွေ။ ပါတီတွင်းရာထူးလုပွဲလိုကိစ္စတွေ" ဒါတွေဖြစ်တတ်တယ်။ မီဒီယာတွေနဲ့ စကားပြောရင် သတိထားပါ လို့ သေသေချာချာကို သတိပေးခဲ့ဖူးပါတယ်။ ရွေးကောက်ပွဲနီးလာလေလေ ဖြစ်တတ်လေလေလို့ သတိပေးခဲ့ဖူးပါတယ်။ ပြိုင်ဘက်အုပ်စုကို တိုက်ခိုက်မယ်ဆိုရင် အရင်ဆုံး ရှာရတာက အားအနည်းဆုံးနေရာ။ အားအနည်းဆုံးလူ။ ဘောလုံးမှာတိုက်စစ်ဆင်ရင်လဲ အားအနည်းဆုံးနေရာကနေ တိုက်စစ်ဆင်ရတာမလား။ ပထမဆုံး အားအနည်းဆုံးလူတွေကို ဆွဲထုတ်လိုက်တယ်။ စိတ်ဆတ်တဲ့လူတွေ၊ ဆင်ခြင်နိုင်စွမ်းအားနည်းတဲ့သူတွေ၊ စိတ်ခံစားမှုနောက်လိုက်ပြီး စိတ်လှုပ်ရှားလွယ် စကားမှားလွယ်တဲ့လူတွေ ကို ပစ်မှတ်ထားတတ်တယ်။ နောက်ပြီးတော့ ဒီလူတွေရဲ့ တုန့်ပြန်ပုံ (Political Behavior) ကို လေ့လာပြုစုထားတယ်။ နောက်တဆင့်မှာတော့ ပထမ၊ ဒုတိယ အစမ်းသဘောလေးတွေ ဆွကြည့်တယ်။ ကိုယ်ပစ်မှတ်ထားတဲ့ လူရဲ့ တုန့်ပြန်ပုံဟာ ဒီလိုပဲ လာမယ်ဆိုတာ သေချာပြီဆိုရင် မီဒီယာကနေ ဖြစ်ဖြစ် တခြားနည်းသုံးပြီးဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ စကားရအောင် ဆွ ယူလိုက်တော့တယ်။ အဲ့ဒီမှာ ကိုယ်လိုချင်တဲ့ စကားကို တဖက်လူက စိတ်ဆိုးမာန်ဆိုး ထပြောလိုက်ပြီး သတင်းစာ ခေါင်းကြီးပိုင်းဖြစ်သွားပြီဆိုရင် ရည်မှန်းချက်အောင်မြင်သွားပြီ။ ကိုထင်လင်းဦး.....။ သူ့ရဲ့ နိုင်ငံရေးကိစ္စတွေကို တုန့်ပြန်ပုံဟာ သူ့ဆောင်းပါးတွေ၊ ဖေ့စ်ဘုတ်စတေးတပ်စ်၊ ကွန်မန့်တွေကနေ အလွယ်လေ့လာသိရှိနိုင်တယ်။ တိတိကျကျပြောရရင် သူ့တုန့်ပြန်ပုံဟာ ဒေါ်စုလို သတိကြီးစွာထားတဲ့ နိုင်ငံရေးသမားနဲ့ မတူဘူး။ စိတ်ထဲဖြစ်တာကို သတိမထားဘဲ ဟောဟောဒိုင်းဒိုင်းပြောတတ်တဲ့ ပုံမျိုး သို့မဟုတ် ဆွ ပေးချင်စရာပစ်မှတ်ကောင်း။ ဇာတ်လမ်းမှာ ဟောပြောပွဲမစခင် တချို့သောရဟန်းတော်များက ဘယ်အကြောင်းအရာကို မပြောပါနဲ့လို့ လာပြောတယ်ဆိုပြီး ကြားသိရပါတယ်။ အဲ့ဒီကနေ ထောင်းခနဲ ဖြစ်ပြီး ပြောထည့်လိုက်တဲ့အခါမှာ အခုလို ဖြစ်ရပါတယ်။ ဖေ့စ်ဘုတ်မှာ ငြင်းတာ ခုန်တာနဲ့ အခုလို အဖမ်းခံရတာက Primary consequence ခေါ် ပထမသက်ရောက်မှု။ ဒုတိယသက်ရောက်မှုခေါ် Secondary Consequence က ပိုပြီးတိတ်ဆိတ်ကြောက်စရာကောင်းလိမ့်မယ်လို့ထင်တယ်။ သေချာပြင်ဆင်ထားတဲ့ စီဒီခွေတွေနဲ့ ဖြန့်တာဟာ အင်တာနက်မရသေးတဲ့ မဲပေးနိုင်သော လူတန်းစားကို ပစ်မှတ်ထားမှန်းသိသာပါတယ်။ အားအနည်းဆုံးလူကို ဒေါသဖြစ်အောင်ဆွပြီး ပင်နယ်လ်တီယူသွားတဲ့ ဘောလုံးပွဲတွေကို သတိရမိနေပါတယ်။ ကိုထင်လင်းဦး ပြောတဲ့ကိစ္စ မှားလား မှန်လားမှာ ငြင်းခုန်ရပ်တန့်နေပြီး အင်အားစုတွေကြား မသင့်မတင့် ဖြစ်တာကလဲ ပြဿနာဖန်တီးသူတွေ အကြိုက် အနေအထားတခုပါ။ အထူးသဖြင့် အင်တာနက်ပေါ်က နိုင်ငံရေးအုပ်စုတွေ အင်တာနက်သုံးတဲ့ ရဟန်းအုပ်စုတွေရဲ့ အထာကို ကောင်းကောင်းလေ့လာထားပြီး ဒီလက်တဆုပ်စာ အင်တာနက်သုံးသူတွေရဲ့သဘောထား တုန့်ပြန်ပုံတွေကို သိမ်းဆည်းထားပြီး အသုံးချနိုင်ပါတယ်။ အမှန်အမှား ဆုံးဖြတ်ဖို့ တရားဥပဒေထက် ဥာဏ်ကစားမှု အကွက်မြင်မှုတွေနဲ့ အင်အားကသာလျှင် ဆုံးဖြတ်တာဟာ Real Politics တွေရဲ့လက္ခဏာလဲ ဖြစ်ပါတယ်။ သတိကြီးကြီး ထားကြဖို့ပါပဲ၊၊

No comments:

Post a Comment