Monday, December 15, 2014

သို့ အမေ သို့ အမေ သို့ အမေ

သို့ အမေ

ကျွန်တော်တို့ နေတဲ့ သည်အိမ်ကြီးကို အဘအမျိုးတွေ ဆောက်ခဲ့တာကို အမေသိမှာပါ။ အမေကိုယ်တိုင်တောင် အဘတစ်ယောက်ရဲ့ သမီးပဲဟာ။ အမေပညာတွေ အများကြီးတတ်တာ ကျွန်တော်တို့ သိပါတယ်အမေ။ အဲဒါကြောင့် အမေ့သား၊ သမီးတွေကို နည်းနည်းဆုံးမပေးဖို့ သည်စာရေးလိုက်ရတာပါ။ အမေပြောသလို အဘတွေအဆက်ဆက် သောက်စားမူးရစ်ပြီး အိမ်သူအိမ်သားတွေကို နှိပ်စက်တာ ကျွန်တော်တို့ သိပြီးသားပါအမေ။ အိမ်တွင်းပစ္စည်းတွေကို ရောင်းစားပစ်တာလည်း ကျွန်တော်တို့ မြင်ပါတယ်။ အဘတွေမကောင်းဘူးဆိုတာ အမေ့သား သမီးတွေ ပြောစကားနဲ့တင် ကျွန်တော့် နားမှာ လျှံနေပါပြီအမေ။ ထပ်လည်း မကြားချင်တော့ပါဘူး။ ကြားလည်း အကြောင်းမှမထူးတာ။ ကျွန်တော်တို့ သိချင်တာ အဲသည်လိုမကောင်းတဲ့ ကိစ္စတွေကို အမေ့လက်ထက်ကျရင် ဘယ်လို ပြင်မယ်ဆိုတဲ့ တိကျတဲ့ အဖြေပါအမေ။ အခုထိ ကျွန်တော်တို့ လိုချင်တဲ့ အဖြေကို အမေ့ဆီက မကြားရသေးဘူးနော်။ အိမ်ခေါင်းရင်းမှာ ပေါက်ဖော်တွေ ဆည်လာဆောက်တဲ့ ကိစ္စကို ကျွန်တော်တို့လည်း မကြိုက်ဘူးအမေ။ ဒါပေမယ့် ကျွန်တော်တို့ ကြားချင်မိတာက အဲသည်ကိစ္စဟာ မကောင်းဘူးဆိုတာလောက်တင်မဟုတ်ဘဲ အမေဆိုရင် ဘယ်လိုဖြေရှင်းမလဲ ဆိုတာကိုပါ။ ရပ်ခိုင်းမှာလား၊ ဆက်လုပ်စေမှာလား။ နောက်ပြီး အိမ်နောက်ဘက် ခြံစည်းရိုးကို ထင်းလာခွေရင်း နယ်လုနေတဲ့ သူခိုးတွေအကြောင်းပါ။ အမေ့သားတွေကပြောတာ အဲသည်သူခိုးတွေကို ခေါ်သွင်းလာတာ အဘအမျိုးတွေဆိုပဲ။ ကျွန်တော်မှတ်မိသမျှ အဘအဆက်ဆက်လက်ထက် အဲသည်သူခိုးတွေ တုံ့တုံ့မလှုပ်ရဲဘဲ အခု အမေတို့ခေတ်ကျမှပဲ အိမ်ရှင်ကိုတောင် ပြန်စော်ကားနေပြီနော်။ စိတ်ထဲမှာ သဘောကျမိတာ တစ်ခုက အိမ်စောင့် ဘဘကြီးလက်ထက်က အဲဒီကောင်တွေကို ခေါင်းမဖော်ဝံ့အောင် ကောင်းကောင်းကြီးနှိပ်ကွပ်ခဲ့တာကိုပဲ။ ထားပါအမေ။ အဘအမျိုးတွေပဲ သည်ကောင်တွေကို ခေါ်သွင်းတယ် ထားပါတော့။ အမေ့လက်ထက်မှာ ဘယ်လိုဆက်လုပ်မှာလဲ အမေ။ လူအခွင့်အရေးအရဆိုပြီး ဆက်ထားမှာလား။ အိမ်စောင့်ဘဘကြီးလို ပြတ်ပြတ်သားသားလုပ်မှာလား။ နောက်တစ်ခုက အိမ်သားထဲက တုတ်ဆွဲ ဓါးဆွဲကောင်တွေ ကိစ္စပါ အမေ။ သူတို့ကို အဘတွေက နှိပ်ကွပ်တာ မကောင်းဘူးလို့ အမေ့သားတွေ ပြောတယ်အမေ။ မနှိပ်ကွပ်ဘူးဆို ဘာဆက်လုပ်ရမလည်းအမေ။ သည်အိမ်ကြီးကို တစ်စစီ ခွဲပေးလိုက်ရမလား။ စာသိပ်ရှည်သွားမှာစိုးလို့ အများကြီး မပြောတော့ပါဘူးအမေ။ အဘတွေ မကောင်းတာ မပြောပါနဲ့။ ကျွန်တော်တို့သိပြီးသားပါ။ အမေ့သားတွေ ပြောတဲ့ အမေ ဘယ်လိုဘွဲ့တွေ ရတယ်ဆိုတာလည်း ကျွန်တော်တို့ နားရည်ဝလှပါပြီ။ ကျွန်တော်တို့ လိုချင်တာ ဘယ်လို ဖြေရှင်းမယ်ဆိုတဲ့ အဖြေပါအမေ။ အမေ့သား သမီးတွေက အမေ့ကို ဝေဖန်ရင် မကြိုက်ကြဘူးအမေ။ ဝေဖန်ရေးဆိုတာ ဒီမိုကရေစီရဲ့ အသက်မဟုတ်ဘူးလား။ အမေ့ကိုမှ မထောက်ခံရင် ဘယ်သူ့ကို ထောက်ခံမလဲတဲ့။ ဟုတ်ကဲ့ ကျွန်တော်တို့ မှာ ရွေးစရာမရှိပါအမေ။ အဘတွေကိုလည်း မကြိုက်နိုင်သလို၊ အမေ့နောက်လိုက် တွေရဲ့ အာဏာရှင်ဆန်တဲ့ အပြုအမူတွေကိုလည်း မကြိုက်နိုင်ပါဘူး။ အခုတောင် တစ်ခုခုဆို အမေ့ကို ဝေဖန်မိရင် သည်လောက် ကဲကဲဆတ်နေတာ သည်အိမ်မှာ အမေအာဏာရတဲ့ တစ်နေ့ကို ကျွန်တော်တွေးမကြည့်ဝံ့ဘူးအမေ။ "ရှင်ကြီးဝမ်းလည်း ဝင်ဖူးပြီး၊ ရှင်ငယ်ဝမ်းလည်း ဝင်ဖူးပြီ" လို့ ဝမ်းနည်းစွာ ဆိုရမယ့်နေ့ကို ရောက်လာမှာ ကြောက်နေမိပါတယ်အမေ။ အမေ့တစ်ယောက်တည်းကိုပြောရရင် ကျွန်တော်က ၇၅% ယုံပါတယ်။ အမေ့သား သမီး နောက်လိုက်တွေပါ ပါလာရင်တော့ ၂၅% တောင် ယုံဖို့ ခပ်ခက်ခက်ပါ အမေ။ အဲသည်တော့ အမေ့သား သမီးတွေကို လက်ရှိ သိပြီးသား အပြစ်ပြောတဲ့ ကိစ္စနဲ့ ဘုန်းတော်ဘွဲ့တွေကို ခဏရပ်ခိုင်းပြီး ဘယ်လိုနည်းနဲ့ ရှေ့ဆက်သွားမယ်ဆိုတာလေးကိုသာ ပြောဖို့ မှာကြားပေးပါ အမေ။ ကျွန်တော်တို့တတွေ ဘယ်သူ့ ကို ပေးရမှန်းမသိတဲ့ မဲပြားတွေ ကိုင်ပြီး ယောင်ပေပေ စောင့်နေပါမယ်။ အမေတို့ အိမ်သား အောင်မျိုးသူလွင် - - - - - - - - - - - - - (အိမ်က အမေသို့ အိပ်ဖွင့်ပေးစာ။)

No comments:

Post a Comment