နှလုံးသွေးဖြင့် အသက်ကို နှင်း၍ ****************************
** “ပေးဆပ်သူတွေ--စေတနာအမှန်--မုသားဟုတ်မလား--ကိုယ့်သမိုင်းကိုယ်ရေးအမြင်အတိုင်းပါပဲ” တပ်တွင်းစား သောက်ဆိုင်ဆီမှ လွင့်ပျံ့လာသော သံစဉ်အပိုင်းအစလေးတစ်ခုသည် ကျွန်တော့်ရင်ထဲသို့ လျှပ်တစ်ပြက်နေရာ ယူပြီး ဝမ်းနည်းခြင်း၊ ကြေကွဲခြင်းဆိုသော ခံစားမှုအချို့အား အမှတ်မထင်ဖြစ်ပေါ်စေခဲ့၏။ တပ်မတော်သား အရာရှိဘဝသည် ငြိမ်းချမ်းခြင်း၊မငြိမ်းချမ်းခြင်းစသော နယ်မြေပေါင်းစုံ၌ တာဝန်ထမ်းဆောင် ကြရသည်။ ယခုကျွန်တော်သည် တပ်မတော်သင်တန်းကျောင်းတစ်ခု၌ နည်းပြတာဝန်များ ထမ်းဆောင်နေရ သော်လည်းစစ်ဦးစီးမှူး(တတိယတန်း)တာဝန် ထမ်းဆောင်ခဲ့စဉ် ကချင်ပြည်နယ်၊ ဗန်းမော်မြို့အနီးတစ်ဝိုက်တွင် စတင်ဖြစ်ပွားခဲ့သော တိုက်ပွဲများအား မည်သည့်အခါမျှ မေ့ပစ်နိုင်မည် မဟုတ်ပေ။ တိုက်ပွဲများအားမေ့ပျောက်၍ မရသလို ၎င်းတိုက်ပွဲများ၌အသက်ကို နှင်း၍ ပေးဆပ်ခဲ့သောနောင်တော် ညီတော် အရာရှိများနှင့်ရဲဘော် အပေါင်းတို့ကိုလည်း အမြဲတစေလွမ်းနေဆဲပါ။ ထိုသို့ပေးဆပ်ခဲ့သောရဲရင့်သူတို့၏ နှလုံးသွေးစက်များကြား၌ မမေ့နိုင်ဆုံး ဖြစ်ရပ်လေးတစ်ခုသည် ကျွန်တော့်ရင်ထဲတွင် ထာဝစဉ်တည်တံ့နေလေသည်။ XXX အချိန်ကာလကား မိုးဦးကျော်လွန်၍ မိုးကောင်းချိန် မမေ့နိုင်သော ဇူလိုင်လပင်ဖြစ်ပေသည်။ ၁၉၉၄ ခုနှစ်မှစ၍ အပြာရောင်လွှမ်း၍ ငြိမ်းချမ်းခဲ့သော ကချင်ပြည်နယ်သည် စတင်လှုပ်ယမ်းစ ပြုလာပြီး ကေအိုင်အေ(ကချင်) အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများဖြစ်ပွားရန် စတင်အရှိန်ယူနေချိန်ပင်ဖြစ်၏။ ကချင်ပြည်နယ်၊ ဗန်းမော်ဒေသ သည် နွေရာသီတွင် အညာဒေသကဲ့သို့ ပူသော်လည်း ဆောင်းရာသီတွင် အအေးဓာတ်လွန်ကဲ၏။ မိုးရာသီ ကျရောက်ပြန်သော်လည်းမိုးများပြန်သည်။ တာပိန်မြစ်အဖျားပိုင်းရှိ တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ် ဒွန်ဘုံစခန်းမှ ငြိမ်းချမ်းရေးကို ချိုးဖောက်သော ကေအိုင်အေ(ကချင်)အဖွဲ့တစ်ဖွဲ့၏ လုပ်ရပ်များကြောင့် တပ်မတော်မှ ထိုးစစ် ဆင်ရန် ပြင်ဆင်မှုပြုလုပ်နေချိန်ပင်။ ၁၇ မိုင်စခန်းနှင့်တာပိန်ရေအားလျှပ်စစ်သို့ သွားသည့်လမ်းကြောင်းပေါ်ရှိ ကေအိုင်အေအဖွဲ့ တပ်စွဲထားသော ထုံးဘိုစခန်းအား လမ်းကြောင်းဖွင့်ပေးရန် အချိန်ပေး၍ အကြိမ်ကြိမ် အကြောင်းကြားသော်လည်း ကေအိုင်အေအဖွဲ့မှ လုံးဝလက်ခံခဲ့ခြင်းမရှိပေ။ သို့အတွက်တပ်မတော်မှ လုပ်သင့် လုပ်ထိုက်သည်ကို ဆက်၍လုပ်ရတော့မည်ဖြစ်သည်။ တာပိန်ရေအားလျှပ်စစ်စီမံကိန်း လမ်းကြောင်းပွင့်ရေး အတွက် ထုံးဘိုစခန်းအား တိုက်ရတော့မည်။ ထို့ကြောင့်တပ်မတော်မှ တစ်ဗျူဟာ ၃ ရင်းဖြင့်စတင်ထိုးစစ်ဆင် တိုက်ခိုက်ရန် အထက်မှအမိန့်ကျလာ၏။ “ကဲ-ခုလို အရေးပေါ်အစည်းအဝေးခေါ်ရတာကတော့ တာပိန်ရေအားလျှပ်စစ်လမ်းကြောင်းပေါ်မှာရှိတဲ့ ထုံးဘို စခန်းကိုငါတို့ဗျူဟာကစတိုက်ရမယ်၊ ငါတို့ဗျူဟာနဲ့ စတိုက်တဲ့နေရာမှာ ခမရ( )က ဗျူဟာနဲ့ လက်နက်ကြီး ပစ်ကူပေးမှာဖြစ်တယ်။ ငါတို့တပ်ရင်းနဲ့ ခမရ( )ကတော့ ရန်သူ့ခံစစ်စခန်းကုန်းကို အနီးကပ် ချေမှုန်းသိမ်းပိုက် ရမှာပဲဖြစ်တယ်၊ စထွက်မဲ့အချိန်ကတော့ ဒီည ၈ နာရီ။ စစ်ကြောင်းပုံချီတက်တဲ့နေရာမှာ ငါတို့တပ်က ပွိုင့်ဖြစ် မယ်။ အဲဒီအတွက် အထူးသတိထားဖို့လိုတယ်။ ပွိုင့်တပ်ခွဲတာဝန်ကိုတော့ တပ်ခွဲ(၁)က တာဝန်ယူလိုက်ပါ။ ပြင်ဆင်ရမယ့် အပိုင်းတွေကိုလည်း ကြိုတင်ပြင်ဆင်ပြီးသားမို့ ည ၈ နာရီမတိုင်ခင် အားလုံးအသင့်ပြင်ထားဖို့ လိုတယ်။ ဘာသတင်းပို့စရာရှိလဲ” “မရှိပါဘူး” တပ်ရင်းမှူး၏ အစည်းအဝေးညွှန်ကြားချက်ဆုံးသည်နှင့် ရုံးခန်းမှစတင်ထွက်ပြီး တပ်ခွဲအလုက် ပြင်ဆင်စရာရှိ သည်များအား ပြင်ဆင်နေကြ၏။ တပ်ရင်းမှူးရုံးခန်းမှအထွက် တပ်ရင်းမှူးမှ ဗိုလ်သန်းဇော်ဦးအား- “ဪသာ်-ညီလေး ဗိုလ်ကြီးသန်းဇော်ဦးခဏကွာ၊ ငါလည်း အရေးပေါ်စစ်ဆင်ရေးအမိန့်နဲ့မို့ မေ့နေတယ် ကွာ။ မင်းအမျိုးသမီးက မွေးခါနီးပြီ မဟုတ်လား” “ဟုတ်ကဲ့ တပ်ရင်းမှူး၊ နောက်အပတ်ဆို ပြည့်ပြီ။ ဒါပေမယ့် စောတစ်ပတ်နောက်ကျတစ်ပတ်ဆိုလားပဲ၊ သားဖွား ဆရာမပြောတာ ကြားဖူးတယ်၊ ဒီရက်ပိုင်းလည်း မွေးနိုင်ပါတယ် တပ်ရင်းမှူး” အေး ဒါဆိုလည်း မင်းနေခဲ့လိုက်ပါညီလေးရာ၊ နောက်မှပဲ ပေးအဖွဲ့နဲ့တက်လာခဲ့ပေါ့” “ရပါတယ် တပ်ရင်းမှူး၊ အားလုံးကတိုက်မယ့်ခိုက်မယ့်အချိန်မှာ လူမှုရေးကိစ္စကိုဗန်းပြပြီး အခွင့်အရေးယူတာမျိုး ကျွန်တော်မလုပ်ချင်ပါဘူး၊ တပ်မှာလည်း အစ်မနဲ့ရဲမေတွေရှိတာပဲ၊ သူတို့က စောင့်ရှောက်ကြမှာပါ” “အေးကွာ၊ မင်းဆန္ဒနဲ့ ခံယူချက်ကိုသိရလို့ ငါဝမ်းသာပါတယ်၊ ဒါပေမယ့်လည်းမိန်းမဆိုတာ မောင့်တစ်မျက်နှာ မယ်တစ်ရွာထင်ပြီး လိုက်လာတာလေကွာ၊ မင်းရှိနေတော့ သူအားရှိတာပေါ့” “ရပါတယ် တပ်ရင်းမှူး၊ ကျွန်တော်ကစစ်သားပါ၊ ကျွန်တော်စစ်သားဖြစ်တဲ့အတွက်စစ်သားမယား ကျွန်တော့် မိန်းမကလည်းစိတ်ဓာတ်မာကျောရမှာပေါ့၊ သူနားလည်မှာပါ တပ်ရင်းမှူး” “အေး ဒါဆိုလည်းပြီးရောလေ၊ မင်းလုပ်စရာရှိတာသာ ဆက်လုပ်ပါ၊ ဒီတိုက်ပွဲပြီးလို့ အောင်ပွဲတွေနဲ့အတူ ပြန်လာတဲ့အချိန်ကျရင် မင်းရဲ့ဇနီးနဲ့ကလေးကကမ်းလင့်ကြိုနေမှာပါကွာ” ဗိုလ်သန်းဇော်ဦးမှ တပ်ရင်းမှူးအားအလေးပြု၍ ရုံးခန်းမှထွက်သွားသည်။ ဗိုလ်သန်းဇော်ဦး၏ ကျောပြင်အား ငေးကြည့်ရင်းတပ်ရင်းမှူးတစ်ယောက် ဝမ်းနည်းခြင်းတစ်ဝက်၊ ပီတိတစ်ဝက်ဖြင့် ကျန်ခဲ့၏။ မည်သူမဆို မိသားစု ၏ အရေးကြီးသော အချိန်မျိုးတွင် မိသားစုအနား၌ နေချင်ကြ၏။ မိမိဇနီးမွေးဖွားချိန်တွင် ဇနီးသည်၏ ကျန်းမာ ရေး၊ လူလောကထဲသို့ ရောက်ရှိလာမည့် သားသမီး၏ပထမဆုံးမျက်နှာအားမြင်ရဖို့အရေးသည် ခင်ပွန်းများ အတွက်အဓိက မျှော်လင့်ချက်ဖြစ်၏။ သို့သော်တပ်မတော်သားကောင်းပီပီ ပေးဆပ်သင့်ကပေးဆပ်မည်။ စွန့်လွှတ်စရာရှိက စွန့်လွှတ်မည်။ တာဝန်နှင့်ဝတ္တရားကိုတော့ မည်သည့်အခါမျှ မစွန့်လွှတ်နိုင်။ ထို့အတွက် ဗိုလ်သန်းဇော်ဦးတစ်ယောက် မှန်ကန်သောရွေးချယ်မှုတို့နှင့်အတူ တပ်ရင်းရုံးမှနေအိမ်သို့ အတွေးများစွာဖြင့် ပြန်လာခဲ့၏။ စစ်သားပီပီတာဝန်ကို ဦးစားပေးလိုက်သော်လည်းနှလုံးသားနဲ့စစ်သားမို့ မိသားစုအရေး၌ အနားမှာ တော့ သူရှိနေချင်သည်။ “အစ်ကို-အစ်ကိုတို့ ရှေ့တန်းထွက်ရမယ်ဆို” “ဟုတ်တယ်နွယ်။ အရေးတကြီးအမိန့်လာလို့ ကိုယ်တို့ ခရီးထွက်ရမှာ” နွယ်နီ ဆိုလိုသည့် အဓိပ္ပာယ်အားဗိုလ်သန်းဇော်ဦးတစ်ယောက် နားလည်သည်။ တကယ်ဆို ဇနီးသည်ဆန္ဒ အတိုင်းမီးဖွားချိန်တွင် ဗိုလ်သန်းဇော်ဦး အနားမှာနေချင်မိတာ အမှန်ပင်။ နွယ်နီသည်လည်းဗိုလ်သန်းဇော်ဦးနှင့် အိမ်ထောင်ကျပြီဆိုကတည်းက ရွာရှိမိဘများအိမ်မှထွက်၍မောင့်တစ်မျက်နှာ မယ်တစ်ရွာ အထင်နှင့်သာ လိုက်ပါလာခဲ့ပြီး ကိုယ်ခွဲဟူ၍လည်းမရှိခဲ့ပေ။ အရင်းနှီးဆုံးသူစိမ်းဟူ၍ ခင်ပွန်းဖြစ်သူ တစ်ဦးသာရှိသည်။ ဗိုလ်သန်းဇော်ဦးတစ်ယောက် မီးဖွားခါနီး အိမ်သူသက်ထားကိုအိမ်၌ တစ်ဦးတည်း မထားရက်ခဲ့ပေ။လူမှုရေးကို ဗန်းပြပြီး စစ်သားတို့၏မူလအလုပ်ဖြစ်သည့် စစ်ဆင်ရေးတာဝန်ကိုလည်းမရှောင်လွှဲချင်။ “ကိုယ့်ကို နားလည်ပေးပါ နွယ်၊ကိုယ်လည်း နွယ့်အနားမှာ ရှိနေချင်ပါတယ်။ အရေးကြီးတာဝန်နဲ့မို့သာ နွယ့်ကိုထားခဲ့ရတာပါ” “ရပါတယ် ကိုရယ်။ တပ်ထဲမှာလည်းတပ်ရင်းမှူးဇနီးနဲ့ အရာရှိဇနီးတွေ၊အိမ်ထောင်သည်ရဲမေတွေ ရှိနေတာပဲ၊ နွယ့်ကို စိတ်ချပါ” နွယ်နီသည် ခင်ပွန်းဖြစ်သူ စစ်ဆင်ရေးတာဝန်များအား စိတ်ဖြောင့်လက်ဖြောင့်နှင့် တာဝန်ထမ်းဆောင်နိုင်ရေး အတွက် နှစ်သိမ့်ပေးနေရသော်လည်း သူမ၏စိတ်ထဲတွင် ခင်ပွန်းကို အနားမှာပင် ရှိနေစေချင်သည်။ “ကဲပါ နွယ်ရယ်-ဘာမှစိတ်မကောင်းစရာတွေ မတွေးနဲ့တော့။ ကိုယ်တို့ကဒီညတွင်းချင်း ထွက်ရမှာဆိုတော့ ညအဖော်အိပ်ဖို့အတွက် ဆရာလှနိုင်ဇနီး ဒေါ်ပုကိုခေါ်ထားတယ်၊ အားလုံးကိုလည်း ကိုယ်မှာထားခဲ့ပါတယ်၊ ဘာမှမစိုးရိမ်နဲ့နော်၊ ကိုယ်ရှေ့တန်းပြန်ဝင်လာရင်သာ နွယ်ကကိုယ့်ရင်သွေးလေးကိုချီပြီး လာကြိုနေပေါ့ ဟုတ်ပြီလား” “ဟုတ်” နွယ်နီတစ်ယောက် ပြုံးယောင်လေး တစ်ချက်သမ်းသွားခဲ့ပါသည်။ ဗျူဟာနှင့် တပ်ရင်းနှစ်ရင်း ရောက် လာပြီဆိုရင်ပဲ ဗိုလ်သန်းဇော်ဦးတို့ တပ်ရင်းအသင့်ဖြစ်နေခဲ့၏။ ဗျူဟာမှူးမှ ခရီးမထွက်ခင် တပ်ရင်းမှူးများ၊ တပ်ခွဲမှူးများအား ခေါ်ယူ၍ မှာစရာရှိသည်များမှာကြား၏။ မိုးကလည်း ဘယ်အငြိုးနဲ့ရွာနေသည်မသိ။ ဝါးပင်၊ သစ်ပင်တို့သည်လည်း ဘယ်ညာ ယိမ်းထိုးနေကြ၏။ ညဦးပိုင်းကတည်းက ရွာနေသည့်မိုးသည်ယခုအချိန်အထိ မစဲနိုင်။ မိုးမှာ ရေအလွန်ပါသည့်အတွက် တောင်ပေါ်မှ စီးဆင်းလာသည့် တောင်ကျရေသည် အရှိန်ပြင်းစွာ ကျဆင်းနေလေ၏။ အချို့နေရာများတွင် သစ်ပင်များပင် ကျိုးကျနေကြသည်။ ဗိုလ်သန်းဇော်ဦး၏ ပွိုင့်တပ်စု မိုးစက်တွေကြားမှပင် ရှေ့သို့ မနည်းမြင်အောင်ကြည့်ပြီး ချီတက်နေရသည်။ ကချင်ပြည်နယ်သည် တော တောင်ထူထပ်သော ဒေသဖြစ်၍ သစ်ကြီး၊ ဝါးကြီး ပေါများပြီးယခုကဲ့သို့ လေနှင့်မိုး ပြုံကျပြီ ဆိုပါကလေတိုး သံက တဝေါဝေါ။ တောင်ကျရေသံက တဝုန်းဝုန်းနှင့် တစ်ဦးနှင့်တစ်ဦးကြားနိုင်ရုံ၊ စကားပြောရန်ပင် ခက်ခဲ၏။ ပွိုင့်တပ်စုအနေဖြင့် မိုးလေကြမ်းကိုအံတုရင်း ဗျူဟာက ပေးထားသောရည်မှန်းချက်နေရာအား အရောက်သွား နေရသည်။ သည်လိုနှင့် မိုးလည်း တဖြည်းဖြည်းစဲစပြုလာလေသည်။ တောင်ပေါ်မှ ကျလာသည့် ရေများကလည်း ကားလမ်း ပေါ်တွင်ဖွေးနေ၏။ တောင်ခြေကမ်းပါးယံ၌ ကပ်ပြီးသွားနေရသည့်အတွက် တောင်ပေါ်မှ ရေစီးနှင့်အတူ မျောလာသည့် သ၊ဲ ရွံ့များက ခေါင်းပေါ်သို့ စီးကျလျက်ရှိသည်။ ရန်သူသည် လက်နက်ကြီးဒဏ်ကို အလူးအလဲခံနေရသည်။ ချေမှုန်းရေးတပ်ဖြစ်သည့် ဗိုလ်သန်းဇော်ဦးတို့ တပ်ရင်းနှစ်ရင်း တက်လာသည်ကိုပင် သတိထားမိပုံမရ။ ကုန်းထိပ်နားရောက်သည်နှင့် ဗိုလ်သန်းဇော်ဦး ထုံးဘိုစခန်းသို့ လှမ်းကြည့်လိုက်သည်။ ကေအိုင်အေအဖွဲ့ ခေါင်းတောင်မဖော်နိုင်၊ ဆက်သွယ်ရေးမြောင်းထဲ တွင်ပြေးလွှားနေသည်ကို အတိုင်းသား မြင်နေရသည်။ နောက်တစ်ခု တွေ့မြင်လိုက်သည်က ထုံးဘိုစခန်းနှင့် ချေမှုန်းရေးတပ်ရောက်ရှိနေသည့်ကြားတွင် လျှိုတစ်ခု ခြားနေသည်။ဗိုလ်သန်းဇော်ဦး တောင်ကြောကို မြှောင် တက်ရမည့်အစား တည့်တည့်ဖြတ်တိုးမိ၍ စစ်ကြောင်းမှူးညွှန်ကြားထားသောနေရာသို့ မရောက်ပေ။ တောင် အောက်ပြန်ဆင်း၍ ထိုနေရာသို့ သွားမည်ဆိုပါကလည်း လက်နက်ကြီးပစ်ကူနှင့် အချိန်ကွာဟသွားနိုင်သည်။ အချိန်ကွာဟသွားသည်နှင့် ရန်သူ ခေါင်းထောင်ချိန်ရသွားမည်။ ရန်သူတို့ အခွင့်အရေးရပါကချေမှုန်းရေးတပ်၏ အခြေအနေဖန်တီးနိုင်ခွင့် နည်းသွားမည်ဟု သုံးသပ်ရင်းဗိုလ်သန်းဇော်ဦး စစ်ကြောင်းမှူးရှိရာသို့ ကိုယ်နှိမ့်ခါး ချိုးဖြင့်သွား၍- “တပ်ရင်းမှူး၊ ကျွန်တော် လမ်းမှားပြီးတောင်ကြောပေါ် တည့်တည့်ဖြတ်တိုးလာမိတယ်။ ကျွန်တော့် ပွိုင့်တပ်စုနဲ့ တပ်ခွဲကတော့ ကုန်းထိပ်ကို ရောက်နေပြီ၊ ဒီကောင်တွေကို အတိုင်းသား မြင်နေရတယ်။ ဆိုးတာက ဒီကုန်းနဲ့ ဒီကောင်တွေကြားမှာ လျှိုတစ်ခုခြားနေတယ်။ အဲဒီ့လျှို့ရဲ့ဘယ် ၄၅ ဒီဂရီ ထုံးဘိုစခန်းရဲ့အနောက်မှာတော့ လမ်းအရာလေးတစ်ခု တွေ့တယ်၊ အဲဒီကောင်တွေရဲ့ လျှို့ဝှက်လမ်းလို့ယူဆရပါတယ် တပ်ရင်းမှူး” “အေး- ကိုယ် လိုက်ကြည့်မယ်” စစ်ကြောင်းမှူး ကုန်းပေါ်ရောက်လျှင်- “အေး- ဟိုလမ်းယောင်ယောင်လေးကဒီကောင်တွေ အတက်အဆင်းလုပ်တဲ့လမ်းပဲဖြစ်မယ်။ အဲဒီက ဆင်းရင် တာပိန်မြစ်ကို ရောက်မယ်ထင်တယ်။ အေး ဒီနေရာရောက်မှတော့ ဟိုဘက်စောင်းကိုပြန်သွားပြီး ဖြတ်တက်ဖို့ လည်း မလွယ်တော့ဘူး။ ပစ်ကူကလည်း နောက် မိနစ်နှစ်ဆယ်ဆိုရင်ရပ်ပြီကွ။ ဒီလျှိုထဲကို ဖြတ်ဆင်းပြီး ဒီကောင်တွေရဲ့ စခန်းနောက်ဟိုလမ်းကပဲဖောက်ဝင်ပြီး အတင်းတိုးမယ်။ အဲဒီတော့ကိုယ့်ညီ ရှေ့က ဖြည်းဖြည်း ချင်း ဘယ်ဘက်အတိုင်း ဆင်းသွား၊ ညာဘက်ကိုမရောက်အောင်တော့ အရပ်မျက်နှာထိန်းပြီးလိုက်၊ ညာဘက် ကို တို့စစ်ကြောင်းယိမ်းသွားတာနဲ့လက်နက်ကြီး လမ်းကြောင်းပေါ်ရောက်သွားလိမ့်မယ်။ ရှင်းတယ်နော် ညီလေး” “ဟုတ်ကဲ့ ကျွန်တော် နားလည်ပါတယ်တပ်ရင်းမှူး” “ဒါဆို ဆက်ထွက်တော့” ဗိုလ်သန်းဇော်ဦး ပွိုင့်တပ်စုသွားသည့်အတိုင်း တပ်ရင်းနှစ်ရင်းလုံး နောက်မှလိုက်သွားသည်။ သို့သော် မှန်းချက် နှင့်နှမ်းထွက် မကိုက်။ တောသည် အောက်ခြေရှုပ်သည်က တစ်ကြောင်း၊ တစ်ညလုံးမိုးရွာထားခြင်းကြောင့် လမ်းကလည်း ချော်နေသည်။ မိနစ်နှစ်ဆယ်ခရီးကို နာရီဝက်ကျော်ကျော်ခန့် တိုးလိုက်ရသည်။ ရန်သူ့ခံစစ်စည်း နောက် ရောက်ချိန်တွင်လက်နက်ကြီးပစ်ကူနှင့် ဟန်ချက်ညီမှုမရှိတော့ပေ။ ရန်သူကို ဆယ်မိနစ်ကျော်ခန့် အချိန်ပေးမိသလိုဖြစ်ပြီး ချေမှုန်းရေးတပ်စတင်လှုပ်ရှားချိန်တွင် ရန်သူသည် ချေမှုန်းရေးတပ်အပေါ် စိုးမိုးနေခြင်း ကြောင့်ရှေ့သို့လွယ်လွယ်နှင့်တိုးမရပေ။ချေမှုန်းရေးတပ်အပေါ် အားမရ၍ ဗျူဟာမှ ဆက်သွယ်ရေးစက်ဖြင့် စခန်းအား အမြန်ဆုံးသိမ်းပိုက်နိုင်ရန် ညွှန်ကြားလေသည်။ “ကဲ- ကျွန်တော်တို့ ဒီအတိုင်းဆက်တိုးလို့ မလွယ်တော့ဘူး။ ဒီတော့ကျွန်တော့်ဆီက ခွဲတစ်နဲ့ ဟိုမှာမြင်နေရတဲ့ ဆွယ်ကနေ အတင်းဝင်ဖောက်မယ်။ ကျွန်တော်နဲ့ အစ်ကိုကြီး တပ်ရင်းနဲ့ကဒီကနေ နဂိုအတိုင်း တိုက်ပေးမယ်၊ ခွဲတစ်ဗိုလ်ကြီးအောင်နိုင်ထွန်းက သန်းဇော်ဦးကိုပွိုင့်ထားပြီး အချိန်တိုအတွင်း ကိုယ်ပြတဲ့လမ်းကရအောင် ဖောက်ဝင်” “ဟုတ်ကဲ့ ကျွန်တော်တို့ ဆက်လုပ်ပါ့မယ်” တပ်ရင်းနှစ်ရင်းသည် မူလနေရာမှလက်နက်ကြီးများဖြင့် ပစ်ခတ်ပေးနေ၏။ ဗိုလ်သန်းဇော်ဦးတို့ တပ်ခွဲကတော့ စစ်ကြောင်းမှူး ညွှန်ကြားလိုက်သည့်နေရာမှတစ်ဆင့် စတင်ထိုးဖောက်နေလေသည်။ ထပ်မံ၍ စစ်ကြောင်းနှစ် ကြောင်းခွဲလိုက်ခြင်းကြောင့် ရန်သူအဖွဲ့ အငိုက်ခံလိုက်ရသည်။ မထင်မှတ်သည့်နေရာမှထိုးဖောက်လိုက်သည်မို့ ဗိုလ်သန်းဇော်ဦးတို့တပ်ခွဲ ရန်သူ၏ ပထမခံစစ်စည်းအတွင်းလွယ်လွယ်ကူကူ ရောက်သွားသည်။ ရန်သူ့ ဘက်က ပစ်အားကလည်း အားကောင်းလှ၏။ ရန်သူ နှင့်အနီးကပ်ဖြစ်နေသည့်အတွက် ရှေ့တိုးရန် သိပ်မလွယ် ကူပေ။ ထို့ကြောင့်- “ဗေဒါမှ ယင်းမာအသံကောင်းလား” “ကောင်းတယ်ပြောပါ ဒါပဲ” “ဒီကောင်တွေ ပစ်အားသိပ်ကောင်းနေတယ်၊ ယင်းမာတို့ဆီက ကုန်းပေါ်ကိုငှက်ပျောဖူး ကျွေးပေးပါ၊ ရထား လား” “ရထားကွာ၊ ဒါဆို ဗေဒါတို့ရောက်တဲ့နေရာမှာ ရပ်ထား၊ ယင်းမာတို့ဆီကငါးလုံးကျွေးပေးမယ်၊ ရထားလား” လက်နက်ကြီးများ ပစ်ခတ်ပြီးသည်နှင့် ရန်သူစခန်းလည်း စုတ်ပြတ်သွားပုံရ၏။ရန်သူ့လက်နက်ငယ်အသံများ တော်တော်လျော့သွားသည်။ ထို့နောက်- “ယင်းမာ မှ ဗေဒါ အသံကောင်းလား” “ကောင်းပါတယ်” “ကိုယ်တို့လည်း ဒီကောင်တွေရဲ့နောက်ပိုင်းနားကို ကပ်မိနေပြီ။ ဗေဒါတို့အခြေအနေပြောပါ၊ ရထားလား” “ရထားပါ၊ ဗေဒါတို့လည်း ညောင်ကိုင်းခုတ်တဲ့ နေရာမှာ ရောက်ပါပြီ၊ ရထားလား” “ရထား-ရထား၊ ဒါဆိုနှစ်ဖွဲ့လုံးပြိုင်တူပစ်တက်တက်ပြီး ကျားတက်ထိုးမယ်၊ဒီအနေအထားအတိုင်းဆို ကုန်းပေါ် ထိရှေ့တူရှု တည့်တည့်အတိုင်း ကျားတက်ထိုးပါ၊ ရထားလား” “ကိုးခြောက် ပါ” “ကျား- ကျား- ဒိုင်း- ဒိုင်း-ဒိုင်း” တပ်ရင်းနှစ်ရင်း၏ ကျားထိုးသံများသည် တစ်တောလုံး ညံပွက်သွားသည်။ တစ်ညလုံး ပင်ပန်းခဲ့သော်လည်း အရာရှိစစ်သည်များ၏ အသံများသည် မာကျောခက်ထန်ပြီး ရန်သူကို တုန်လှုပ်ချောက်ချားစေ၏။ နံနက်ဝေ လီဝေလင်းမှစ၍ ထိုးစစ်ဆင်ခံရသော ရန်သူသည် ဝ၉၀ဝ ချိန်တွင်ကစဥ့်ကလျား ဆုတ်ပြေးလေတော့သည်။ ပွိုင့်တပ်စုမှ ဗိုလ်သန်းဇော်ဦးနှင့် စစ်သည်သုံးဦး အလံလွှင့်ပြီး ပြေးတက်လာကာ နိုင်ငံတော်အလံကို လွှင့်ထူ လိုက်စဉ်-- “ဂျိမ်း” အနောက်ဘက်စောင်းမှ ပစ်ခတ်လိုက်သော လက်ပစ်ဗုံးတစ်လုံးမှာ အလံတိုင်၏အနီးအနားတွင် ကျရောက် ပေါက်ကွဲလေသည်။ ရန်သူ၏ခုခံမှု အနည်းငယ်ကျန်ရှိနေသေး၍ ဗိုလ်ကြီးအောင်နိုင်ထွန်းနှင့် ကျန်တပ်စုမှ ရန်သူ့တောင်ကုန်း နောက်ပိုင်းနယ်မြေထိ လိုက်လံချေမှုန်းလေသည်။ဗိုလ်သန်းဇော်ဦးတစ်ယောက်သာ လက်ပစ်ဗုံးစ လည်ပင်းဖောက်ဝင်ပြီး အလံခုံအခြေတွင် အမ်အေ(၃)လွယ်လျက် ခွေခွေလေးလဲနေ၏။ ကျန်စစ် သည်နှစ်ဦးမှာ ကံကောင်းထောက်မစွာဖြင့် မထိမှန်ခဲ့ပေ။ XXX “အူဝဲ-အူဝဲ” “မွေးပြီတော့၊ ယောကျာ်းလေးဟေ့ယောကျာ်းလေး၊ ဗိုလ်ကြီးနဲ့ တစ်ထေရာတည်းပဲတော့၊ ချစ်စရာလေး” မီးဖွားခန်းအတွင်းမှ ထွက်ပေါ်လာသောသားဖွားဆရာမ၏ အသံသည် သားဖွားခန်းတစ်ခုလုံး ပြည့်လျှံသွား သည်။ တပ်ရင်းမှူး၏ဇနီးနှင့် ရဲမေများကလည်း ပြုံးပျော်လျက်ရှိကြသည်။ ကလေးကို နို့တိုက်ကျွေးနေသော နွယ်နီ၏မျက်နှာသည် အားအင်တို့ အသစ်ပြန်လည်မွေးဖွားလာခြင်းကြောင့် ဝင်းပလျက်ရှိသည်။ သားလေးသည် နွယ်နီအားပြုံး၍ကြည့်နေသည်။ ခဏကြာ အိပ်ပျော်သွားလေသည်။ နွယ်နီ အိပ်ပျော်နေသောသားလေးကို ကြည့်ရင်း ရင်ထဲမှ ရေရွတ်မိသည်။ “သားရေ- မေမေတို့ သားအမိဖေဖေကြီးကို သွားကြိုကြမယ်နော်” ထိုစဉ် တပ်ရေးဗိုလ်ကြီးရောက်ရှိလာသည်။ “ဪသာ် ဗိုလ်ကြီး၊ ဘာကိစ္စရှိလို့လဲ” “ဒီလိုပါ မနွယ်နီ၊ ဘာ- ဘာရယ်မဟုတ်ပါဘူး။ ကလေးလေးကို လာကြည့်တာပါ။ “ကျေးဇူးတင်ပါတယ် ဗိုလ်ကြီး” တကယ်တော့ တပ်ရေးဗိုလ်ကြီးမှာတပ်ရင်းမှူးဇနီးထံလာ၍ ဗိုလ်သန်းဇော်ဦးကျသွားသည့်အကြောင်း လာရောက်ပြောဆိုခြင်းဖြစ်သည်။ သို့သော် တပ်ရင်းမှူး၏ ဇနီးအနားတွင် နွယ်နီပါရှိနေ၍ ချက်ချင်းမပြော ဖြစ်ခဲ့ပေ။ တပ်ရေးဗိုလ်ကြီးမှာ ကလေးကိုကြည့်ရင်း မျက်ရည်ဝဲမိသည်။ “ဪသာ် ကလေးလေးရယ်- မင်း လူ့လောကထဲ ရောက်ပြီဆိုရင်ပဲ လောကကြီးက မပြည့်စုံခြင်း ဆိုတဲ့အရာ ကို တစ်ပါတည်းထည့်ပေးလိုက်တာပါလားကွာ” ရင်ထဲမှလည်း တီးတိုးရေရွတ်မိသည်။ လောကကြီး၌ရှိသော လူသားတိုင်းလိုအင်ဆန္ဒတော်တော်များများကို ပိုင်ဆိုင်ခွင့်ရှိကြသည်။ သို့သော် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာလည်း ရှိကြ၏။ ဗိုလ်သန်းဇော်ဦးကဲ့ သို့ တပ်မတော်သားများ၏ စွန့်လွှတ်ပေးဆပ်ခြင်းမျိုးကိုမူပေးဆပ်ရန် ခက်ခဲကြမည်သာဖြစ်၏။ခင်ပွန်းသည်အား ရင်သွေးငယ်နှင့်အတူ ကြိုလင့်ချင်သူ နွယ်နီရင်ထဲတွင်ဝမ်းနည်းခြင်း၊ ဂုဏ်ယူခြင်းတို့ ယနေ့ထက်တိုင် ခိုင်မြဲနေဆဲ ဖြစ်သလိုဗိုလ်သန်းဇော်ဦး၏ တိုင်းပြည်အတွက်စွန့်လွှတ်စွန့်စားနိုင်မှုကို တပ်မတော်သားတိုင်း၊ နိုင်ငံသားတိုင်းက ဂုဏ်ယူအလေးအမြတ်ပြုနေကြရမည်မှာ အမှန်ပင်ဖြစ်ပေတော့သတည်း။ ကျော်တေဇ(ဥက္ကလာ) 
No comments:
Post a Comment